ဘဏ္ဍာရေးအကျပ်ရိုက်နေသည့် မွန်ဂိုလီးယားနိုင်ငံကို ကန်ဒေါ်လာ ၅ ဘီလီယံခွဲ ထောက်ပံ့ကူညီမည်

February 21, 2017

ဘဏ္ဍာရေးအကျပ်ရိုက်နေသည့် မွန်ဂိုလီးယားနိုင်ငံကို ကန်ဒေါ်လာ ၅ ဘီလီယံခွဲ ထောက်ပံ့ကူညီမည်

စီးပွားရေးကျဆင်းပြီး ဘဏ္ဍာရေးအကျပ်ရိုက်နေတဲ့ မွန်ဂိုလီးယားနိုင်ငံကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) နဲ့ အဓိကကုန်သွယ်ဘက်နိုင်ငံတွေက အမေရိကန်ဒေါ်လာ ၅ ဘီလီယံခွဲ ထောက်ပံ့ကူညီသွားဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က သဘောတူခဲ့ပါတယ်။ မွန်ဂိုလီးယားနိုင်ငံရဲ့ အဓိကကုန်သွယ်ဘက် အိမ်နီးချင်း တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) က အမေရိကန်ဒေါ်လာ ၃ ဘီလီယံအထိ ထည့်ဝင်ကူညီကြမှာဖြစ်ပြီး အိုင်အမ်အက်ဖ် အဖွဲ့ကြီးကတော့ ၃ နှစ်အစီအစဉ်နဲ့ အမေရိကန်ဒေါ်လာ သန်း ၄၄၀ ထောက်ပံ့ကူညီသွားမယ်လို့ အိုင်အမ်အက်ဖ်က ပြောပါတယ်။ မွန်ဂိုလီးယားနိုင်ငံဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း စီးပွားရေးတိုးတက်နှုန်းဟာ ၁၀ ရာခိုင်နှုန်းကျော် စီးပွားရေးအတိုးတက်ဆုံး ထိပ်တန်းနိုင်ငံစာရင်းထဲ ဝင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ကစပြီး အစိုးရ အလွန်အကျွံ ငွေသုံးစွဲမှု၊ နိုင်ငံတင်ပို့ကုန်တွေကရတဲ့ ဝင်ငွေ ကျဆင်းမှုတွေကြောင့် ပြီးခဲ့တဲ့နှစ်က စီးပွားရေးဖွံ့ဖြိုးမှု ၁ ရာခိုင်နှုန်း မပြည့်ဘူးလို့ စီးပွားရေးပညာရှင်တွေက ယုံကြည်ကြပါတယ်။ မွန်ဂိုအစိုးရက အခုလို ငွေကြေးကူညီထောက်ပံ့မှုတွေအတွက် နိုင်ငံဘဏ္ဍာရေးမူဝါဒတွေ ပြုပြင်ပြောင်းလဲပြီး အခွန်စနစ်တွေကိုလည်း ပြန်လည်သုံးသပ် ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။ မွန်ဂိုလီးယားနိုင်ငံဟာ ကျောက်မီးသွေးနဲ့ ကြေးနီ စတဲ့ သဘာဝတွင်းထွက်ကုန် တင်ပို့မှုတွေပေါ်မှာ အဓိကမှီခိုတဲ့နိုင်ငံဖြစ်ပြီး အခုလိုသာ နိုင်ငံတကာရဲ့ ငွေကြေးထောက်ပံ့မှုမရရင် စီးပွားရေးလဲပြိုဖွယ်ရှိနေတယ်လို့ စီးပွားရေးပညာရှင်တွေက ပြောဆိုတာပါ။
4 years Ago
Up