ဘဏ္ဍာရေး

September 4, 2015

အသေးစား၊ အလတ်စား လုပ်ငန်းများ တိုးတက်ရန် ဘဏ္ဍာရေး အခက်အခဲရှိနေ

အာရှနိုင်ငံတွေရဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (SME) တွေ အနေနဲ့ နိုင်ငံတကာ လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ပုဂ္ဂလိက ငွေကြေးရင်းနှီးမြှုပ်နှံတာတွေ လိုအပ်နေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာသစ်တစ်ခုက ဆိုပါတယ်။ “အာရှမှာ SME ပေါင်း သန်းချီရှိပေမယ့် နည်းနည်းပဲ ထိုးဖောက်နိုင်ပြီး နိုင်ငံတကာဈေးကွက်နဲ့ ချိတ်ဆက်နိုင်တာပါ။ ဒီလို ထိုးဖောက်ချိတ်ဆက်နိုင်အောင် ပုဂ္ဂလိက ဘဏ္ဍာငွေကြေး ရင်းနှီးမြှုပ်နှံမှုရယ်၊ ငွေကြေးအရင်းနှီးရနိုင်မယ့် ရင်းမြစ်မျိုးစုံကို လက်လှမ်းမီဖို့ အခွင့်အရေးတွေ ပိုရဖို့လိုပါတယ်” လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဌာန အကြီးတန်း အကြံပေး နိုရိတာကာအာကာမဆုက ပြောပါတယ်။ အာရှရဲ့ SME လုပ်ငန်းတွေကို စောင့်ကြည့်လေ့လာထားတဲ့ ၂၀၁၄ ခုနှစ် အစီရင်ခံစာအရ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေရဲ့ ၉၆ ရာခိုင်နှုန်းဟာ SME တွေဖြစ်ပြီး လုပ်သားထုရဲ့ ၆၂ ရာခိုင်နှုန်းကို ခန့်ထားနိုင်တာလို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်မှာပဲ SME တွေကို ငွေချေးပေးတာ လျော့လာပြီး ဘဏ်ချေးငွေ စုစုပေါင်းရဲ့ ၁၉ ရာခိုင်နှုန်းလောက်ပဲ ရကြတာပါ။ မြန်မာနိုင်ငံမှာလည်း ၂၀၁၅ ခုနှစ် မတ်လအထိ စာရင်းတွေအရ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေရဲ့ ၈၈ ရာခိုင်နှုန်းလောက်ဟာ SME လုပ်ငန်းတွေဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ကထက် တိုးလာပါတယ်။ ဒီအထဲမှာ အိမ်တွင်းလက်မှုလုပ်ငန်းတွေက အများစုဖြစ်နေပြီး အာဆီယံ စီးပွားရေးအသိုက်အ၀န်း ရောက်လာခဲ့ရင် ပြည်တွင်းလုပ်ငန်းတွေ တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်တာတွေလည်း ရှိနေကြပါတယ်။
8 years Ago

July 17, 2015

ဂရိဘဏ် အားလုံး ဇူလိုင် ၂၀ ပြန်ဖွင့်မည်

ဂရိနိုင်ငံတွင်း ဘဏ်အားလုံးကို လာမယ့် ဇူလိုင် ၂၀ ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ ဂရိ ဒု-ဘဏ္ဍာရေးဝန်ကြီး ဒစ်မစ်ထရစ် မာဒတ်စ်က ဇူလိုင် ၁၆ ရက်နေ့က မြို့တော် အေသင်မှာ ပြောလိုက်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ငွေပေးချေမှုအတွက် ချက်လက်မှတ်နဲ့ ဆောင်ရွက်နိုင်အောင် စီစဉ်ပေးမှာ ဖြစ်တယ်၊ ဒါပေမယ့် ပြည်သူတွေကတော့ တရက်ကို ယူရိုငွေ ၆၀ ပဲ ထုတ်ယူခွင့် ပြုထားတာကို ဆက်ထိန်းထားမယ်လို့ ဂရိ အရာရှိတယောက်က ပြောပါတယ်။ ဥရောပ ဗဟိုဘဏ်က ဂရိနိုင်ငံရဲ့ ဘဏ်လုပ်ငန်း အခန်းကဏ္ဍအတွက် အရေးပေါ် အထောက်အပံ့ ကန့်သတ်ချက်ကို မြှင့်တင်ပေးအပြီး နာရီပိုင်းအတွင်း ခုလို ကြေညာချက် ထွက်ပေါ်လာတာပါ။ ဂရိနိုင်ငံမှာ အစိုးရက ချမှတ်တဲ့ ငွေကြေးထိန်းချုပ်မှု အစီအစဉ် အစိတ်အပိုင်း အနေနဲ့ ဘဏ်တွေကို ပိတ်ထားတာ ၃ ပတ်နီးပါး ရှိလာပါပြီ။ မြို့တော် အေသင်က ပြည်သူတွေကတော့ ဘဏ်တွေ မကြာခင် ပြန်ဖွင့်ဖို့ မျှော်လင့်နေပါတယ်။ အေသင်မြို့မှာတော့ ပြည်သူတွေဟာ ကန့်သတ်ထားတဲ့ တရက်ကို ခွင့်ပြုငွေ ၆၀ ယူရိုကို ထုတ်ယူနိုင်ရေး ငွေထုတ်စက်တွေမှာ ဆက်ပြီး တန်းစီနေရပါတယ်။ ငွေထုတ်ကတ်တွေ မရှိတဲ့ အငြိမ်းစား ယူထားသူတွေကတော့ နိုင်ငံတလွှားက ဘဏ်ခွဲ ၁၀၀၀ လောက်ရဲ့ အပြင်ဘက်မှာ စောင့်နေရတာပါ။ ဒေသခံတွေက ဘဏ်တွေ ပိတ်ထားတဲ့အပေါ် ဒေါသထွက်သူတွေ ရှိသလို ဥရောပသမဂ္ဂက မကူညီတဲ့အပေါ် နားမလည်ဘူးလို့ ပြောတဲ့သူတွေလည်း ရှိနေတာပါ။ ဒေသခံ တယောက်ကတော့ ယူရိုငွေသုံးတဲ့ နယ်မြေအတွင်း ဂရိရဲ့ အတင်းကျပ်ဆုံး အကျပ်အတည်းအဖြစ် ပြောခဲ့ပါတယ်။
8 years Ago
Up