ဘရူနိုင်းဘုရင့်ဖလား

May 3, 2018

မြန်မာယူ-၂၁ အသင်း ကမ္ဘောဒီးယားကို ၂ ဂိုး ၁ ဂိုးဖြင့်ရှုံး (ရုပ်သံဟိုက်လိုက်)

ဘရူနိုင်းဘုရင့်ဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် မြန်မာယူ-၂၁ အသင်းနဲ့ ကမ္ဘောဒီးယားအသင်းတို့ မနေ့က ယှဉ်ပြိုင်ရာ ကမ္ဘောဒီးယားက ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ ပြိုင်ပွဲကို မြန်မာစံတော်ချိန် ညနေ ၆း၄၅ မှာ ကန်ဖို့ စီစဉ်ထားပေမယ့် မိုးသည်းသည်းထန်ထန် ရွာသွန်းတာကြောင့် ကွင်းအတွင်း ရေတွေဝပ်ပြီး ည ၈ နာရီကျော်မှ ပွဲစတင်နိုင်ခဲ့ပါတယ်။ မြန်မာအသင်းက တိုက်စစ်မှူး အောင်ကောင်းမာန်ကို အရန်ခုံမှာထားပြီး ကျန် အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့သလို ကမ္ဘောဒီးယားကလည်း လက်ရွေးစင်အဆင့် ကစားသမားတွေ အပါအဝင် လူစုံထုတ်ခဲ့ပါတယ်။ မိုးရွာထားလို့ ကွင်းထဲ ရေဝပ်နေတဲ့အတွက် ပွဲက ကြည့်မကောင်းခဲ့ဘဲ မြန်မာအသင်းရဲ့ အနီးပေးကစားကွက်က အလုပ်မဖြစ်ခဲ့သလို ဘောလုံးက လိုရာမရောက် ဖြစ်ခဲ့ပါတယ်။ ကမ္ဘောဒီးယားကတော့ အဝေးဘောတွေပေးပြီး အမြန်နှုန်းနဲ့ ကစားခဲ့တာကြောင့် တိုက်စစ်ထိရောက်ခဲ့ပြီး အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ကမ္ဘောဒီးယားအတွက် ဂိုးတွေကို ပွဲချိန် ၁၂ မိနစ်နဲ့ မိနစ် ၃၀ မှာ ကာကာဒါ တဦးတည်းက သွင်းယူပေးခဲ့ပြီး မိနစ် ၄၀ မှာ ကမ္ဘောဒီးယား နောက်ခံလူတဦး ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့အတွက် မြန်မာအသင်း ချေပဂိုးတဂိုး ရခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်ဘဲ ပထမပိုင်း သွင်းဂိုးတွေနဲ့ပဲ ကမ္ဘောဒီးယားအသင်း အနိုင်ရပြီး နောက်ဆုံး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်ဖြစ်တဲ့ စင်ကာပူနဲ့ တီမောတို့ ပွဲစဉ်မှာတော့ တီမောအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ၂၀၁၈ ဘရူနိုင်းဘုရင့်ဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ကမ္ဘောဒီယားနဲ့ တီမောအသင်းတို့ လာမယ့် မေလ ၅ ရက်နေ့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
3 years Ago

May 1, 2018

ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲတွင် မြန်မာယူ-၂၁ အသင်း ဆီမီးဖိုင်နယ်တက် (ရုပ်သံဟိုက်လိုက်)

ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာယူ-၂၁ အသင်းဟာ မနေ့က အိမ်ရှင် ဘရူနိုင်းအသင်းနဲ့ ပွဲစဉ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ မြန်မာအသင်းဟာ အိမ်ရှင်အသင်းကို အပြန်အလှန် ဖိအားပေးကစားနိုင်ခဲ့ပြီး ပထမပိုင်းပွဲချိန် မိနစ် ၂၀ ကျော်မှာ တိုက်စစ်မှူး အောင်ကောင်းမာန် ခေါင်းတိုက်သွင်းချက် ဂိုးဝင်သွားပေမယ့် စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့လို့ မြန်မာအသင်း နစ်နာခဲ့ရပါတယ်။ ပွဲချိန် ၃၅ မိနစ်မှာတော့ မြန်မာအသင်း တလုံးတည်းသော အနိုင်ဂိုး သွင်းနိုင်ခဲ့ပြီး တိုက်စစ်မှူး အောင်ကောင်းမာန်ရဲ့ ကန်သွင်းချက် ဘရူနိုင်းဂိုးသမား ပုတ်ထုတ်လို့ ပြန်ထွက်လာတာကို ဇင်မင်းထွန်းက ပိတ်သွင်းပြီး ရယူပေးခဲ့တာပါ။ မြန်မာအသင်းဟာ အုပ်စုတွင်း သုံးပွဲကစားပြီး နှစ်ပွဲနိုင်၊ တပွဲသရေ ရလဒ်နဲ့ အုပ်စုပထမ၊ တီမောက တပွဲနိုင်၊ တပွဲသရေ၊ တပွဲရှုံးနဲ့ အုပ်စု ဒုတိယနေရာကနေ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ တဖက်အုပ်စုမှာတော့ စင်ကာပူက အုပ်စု ပထမ၊ ကမ္ဘောဒီးယားက အုပ်စု ဒုတိယနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် လာမယ့် မေလ ၂ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆း၄၅ နာရီမှာ ကမ္ဘောဒီးယားနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
3 years Ago
Up