ဘွားဘွား

March 31, 2019

လိင်တူချစ်သူ သားနှင့်သမက်အတွက် အငှားကိုယ်ဝန်ဆောင် သမီးလေးမွေးပေးသည့် ဘွားဘွား

လိင်တူချစ်သူ သားဖြစ်သူနဲ့ သူ့ခင်ပွန်းသည်တို့အတွက် မိခင်ဖြစ်သူက သမီးမိန်းကလေးတဦးကို အငှားကိုယ်ဝန်ဆောင် မွေးဖွားပေးခဲ့တယ်လို့ WJLA သတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ အမေရိကန်နိုင်ငံ နီဘရာစကာ ပြည်နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကလေးကိုတော့ နီဘရာစ ကာဆေးစင်တာမှာ အောင်မြင်စွာမွေးဖွားခဲ့တာပါ။ အသက် ၆၁ နှစ်အရွယ် စီစယ်လီ အဲလိလို့ခေါ်တဲ့ အမျိုးသမီးမှာ မက်သရူးအဲလိလို့ခေါ်တဲ့ သားတဦးရှိပါတယ်။ မက်သရူးဟာ လိင်တူချစ်သူတဦးဖြစ်ပြီး အီလွိုက်ဒူဂါတီလို့ခေါ်တဲ့ အမျိုးသားတဦးနဲ့ အတူတူ နေထိုင်ပါတယ်။ မကြာသေးခင်က မက်သရူးတို့အတွဲဟာ သားသမီးတဦးရဖို့ ကြိုးစားခဲ့ပြီး ဒီကြိုးစားမှုကို မက်သရူးရဲ့ မိခင်ဖြစ်သူ စီစယ်လီက ကူညီပေးခဲ့ပါတယ်။ အမျိုးသား နှစ်ဦးဖြစ်တဲ့ ဒီစုံတွဲဟာ ကလေးမရနိုင်တာကြောင့် စီစယ်လီက သူတို့အတွက် အငှားကိုယ်ဝန်ဆောင်ပေးခဲ့ကာ မက်သရူးဆီက ရရှိတဲ့ သုက်ရည်နဲ့ အီလွိုက်ရဲ့အစ်မဖြစ်သူဆီက မမျိုးဥတို့ကို ပေါင်းစပ်ကာ သူ့သားအိမ်ထဲမှာ ကိုယ်ဝန်ဖြစ်စေခဲ့ပါတယ်။ စီစယ်လီဟာ သူ့မြေးတဖြစ်လည်း သူ့သမီးလေးကို ကိုးလကြာကိုယ်ဝန်ဆောင် ပေးခဲ့ပြီး ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့မှာတော့ ငါးပေါင် ၁၃ အောင်စရှိတဲ့ အူမာလေးကို နီဘရာစကာ ဆေး စင်တာမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ စီစယ်လို့ မိသားစုရဲ့ဖြစ်ရပ်ဟာ အားလုံးအတွက် ထူးဆန်နေတာသေချာပြီး စီစယ်လီအတွက်လည်း ဒီကိစ္စက အလွန်ကို ခက်ခဲခဲ့ပါတယ်။ သူမရဲ့အသက်အရွယ်ကြောင့် စီစယ်လီဟာ ကိုယ်ဝန်မဆောင်ခင် မြောက်မြားစွာတဲ့ စစ်ဆေးမှုတွေကို ခံယူခဲ့ရပြီး ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာလည်း ဆရာဝန်တွေရဲ့ အနီးကပ်ပြုစုစောင့်ရှောက်မှုကို ခံယူခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အူမာလေးကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ပြီး ဒီလိုမျိုး စိတ်လှုပ်ရှားဖွယ် အောင်မြင်မှုအတွက် “ဆရာဝန်တွေကစလို့ သူနာပြုတွေ၊ ဓာတ်ခွဲခန်း ဝန်ထမ်းတွေအားလုံးကို အထူးကျေးဇူးတင်မိတယ်” လို့ မက်သရူးက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ စီစယ်လို့ မိသားစုဟာ သူတို့ရဲ့မိသားစုဝင်အသစ်လေးနဲ့ အသားကျဖို့အချိန် လိုအပ်တာကြောင့် သူတို့နဲ့ သက်ဆိုင်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမပြုလုပ်ဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
2 years Ago

March 30, 2019

ပိုလန်နိုင်ငံက အသက် ၈၀ အရွယ် DJ ဘွားဘွား

DJ လို့ ပြောလိုက်ရင် လူငယ် DJ သမားတွေကိုသာ မျက်လုံးထဲ ပြေးမြင်ကြပေမယ့် ပိုလန်နိုင်ငံ ၀ါဆောမြို့က သက်ကြီး DJ ကလပ်တခုမှာတော့ အသက် ၈၀ အရွယ် DJ ၀ီခါက မင်းမူနေပါတယ်။ အ၀ါရောင် ဘောင်းဘီ၊ ပြောင်လက်နေတဲ့ ရှူးဖိနပ် နဲ့ နှုတ်ခမ်းနီ ရဲနေအောင် ဆိုးပြီး headphone တပ်ထားတဲ့ DJ ၀ီခါဟာ မြေးထိန်းရမယ့် အရွယ်မှာ သူရဲ့ စီဒီချပ်တွေ၊ မစ်ဆာ၊ လက်တော့ တွေနဲ့ အလုပ်များနေတာပါ။ DJ ၀ီခါက  DJ ဖွင့်နေချိန်မှာ သူဟာ သံစဉ်နဲ့ စည်းချက်ကို လိုက်ပါခံစားတယ်လို့ ပြောပါတယ်။ ဂီတဟာ စိတ်နဲ့ကိုယ် နုပျိုစေတာကို သိထားတဲ့ DJ ၀ီခါက ပိုလန် အငြိမ်းစားဝန်ထမ်းတွေကို  DJ အနုပညာနဲ့ ဖေ်ျာ်ဖြေနေတာ ဆယ်စုနှစ် နှစ်ခု ကြာပြီ ဖြစ်ပါတယ်။ ဒီအတွက်လည်း သူဟာ အတော်လေးကို နာမည်ရနေပါတယ်။ တနလာင်္နေ့ညတိုင်း DJ ၀ီခါဟာ ဟူလာကူလာ ကလပ်က ဧည့်ပရိသတ် တစ်ထောင်လောက်ကို ဒစ္စကို နဲ့ ရော့ခ် ဂီတကစလို့ ဆမ်ဘာနဲ့ အချစ်သီချင်းတွေအဆုံး တင်ဆက်ပေးပါတယ်။ အရင်က ကျောင်းဆရာမတဦးဖြစ်တဲ့ ၀ီခါက “အသက်အရွယ်ဟာ ကိုယ်ဘယ်လို နေသင့်တယ်ဆိုတာကို အဆုံးအဖြတ် မပေးဘူး” လို့ ပြောပါတယ်။ နောက်ပြီး DJ ၀ီခါက သာမန်အဘိုကြီးအဘွားကြီးတွေရဲ့ သမားရိုးကျပုံစံနဲ့ သူဟာ အံဝင်ခွင်ကျ မဖြစ်ဘူးလို့လည်း ပြောပါတယ်။
2 years Ago
Up