ဘဲလေးကချေသည်

July 4, 2017

ကျေးတောသားလေးဘဝမှ ဘဲလေးကချေသည် ဖြစ်လာခဲ့သည့် အိန္ဒိယဆယ်ကျော်သက် (ရုပ်သံ)

လူတိုင်းဟာ ဘဝမှာ သူတို့လိုချင်တဲ့နေရာကို ရောက်ရှိဖို့ ကြိုးစားကြခဲ့ရသူချည်းပါပဲ။ ဒါကို အိန္ဒိယနိုင်ငံမှ အေမာရှားက ကြိုးစားမှုနဲ့ သက်သေထူပြနိုင်ခဲ့ပါပြီ။ အေမာရှားဟာ အသက် ၁၆ နှစ်အရွယ်သာရှိသေးတဲ့ ဆယ်ကျော်သက် ကျေးတောသားလေးတယောက်ပါ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက သူဟာ ဝါသနာပါရာ ဘဲလေးအကကို တကိုယ်တော် လေ့ကျင့်သင်ကြားခဲ့ရာကနေ ခုချိန်မှာတော့ ကမ္ဘာ့ထိပ်တန်း ဘဲလေးအက သင်တန်းကျောင်းတကျောင်းမှာ တက်ခွင့်ရခဲ့တာပါ။ “ကျနော့်ရဲ့အိပ်မက်က ဘဲလေးကဇာတ်ရုံကြီးထဲမှာ အရေးပါတဲ့ အဓိက ကချေသည်တဦး ဖြစ်လာဖို့ပါ။ ပြီးတော့ ကျနော့်အသက် ၄၀၊ ၅၀၊ ၆၀ လောက်အထိ ကချင်တာပါ” လို့ မွမ်ဘိုင်းမြို့ရဲ့ ဆင်ခြေဖုံးတနေရာမှာ နေထိုင်တဲ့ အေမာရှားက ပြောပါတယ်။ သူ့ကို ဘဲလေးအကနဲ့ နာမည်ကျော်ကြားခဲ့တဲ့ ဘီလီအီးလီးယော့တ် (Billy Elliot) ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင် ဆယ်ကျော်သက်ကောင်လေးအဖြစ် တင်စားပြောဆိုနေကြပါတယ်။ လက်ရှိမှာတော့ သူ့ကို အမေရိကန် ဘဲလေးကဇာတ်ရုံတခုက တက်ရောက်သင်ကြားဖို့ လက်ခံလိုက်ပါပြီ။ “ကျနော့်အနေနဲ့ ဒီအဆင့်ထိ ရောက်လာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ကျနော့်အတွက် တခုခုဖြစ်လာလိမ့်မယ်လို့လည်း မျှော်လင့်မထားမိပါဘူး။ အရာအားလုံးဟာ ဇောက်ထိုးမိုးမျှော်ပဲ ဖြစ်လာခဲ့တယ်။ ပိုကောင်းဖို့အတွက် အရာရာဟာ ပြောင်းလဲခဲ့တာပါ။” အေမာရှားဟာ မိဘ၊ ညီအစ်ကိုမောင်နှမ ၅ ယောက်တို့နဲ့အတူ နေထိုင်တာဖြစ်ပြီး ဘဲလေးအကနဲ့ပတ်သက်လို့ သူတို့က ဘာမှမသိကြဘူးလို့ ပြောပါတယ်။ “ကျနော့်မိသားစုက ဘဲလေးအကနဲ့ ပတ်သက်ပြီး ဘာတခုမှ မသိကြပါဘူး။ သူတို့က ဘာမှမသိကြဘူးလေ။ ခုတော့ ရွာထဲကလူတွေ ကျနော့်အကအကြောင်းကို ပြောလာကြပြီလေ။ ဒါဟာ ဝမ်းသာစရာပါပဲ။ တခါတလေမှာ ပင်ပန်းလွန်းလို့ အရှုံးပေးပြီး အိပ်ပစ်လိုက်ချင်တယ်။ ဒါပေမယ့် ကျနော်ကြိုးစားရမယ်လေ။ ကျနော့်ရဲ့လက်တွေထဲမှာ ကမ္ဘာတခုလုံးကို ရရှိထားသလိုပါပဲ။ ဒါဟာ ကောင်းပါတယ်။ ကျနော့်ကို အကောင်းမြင်စိတ်ကို ဖြစ်စေတယ်။ ကျနော့်အိပ်မက်တွေ တကယ့်ကို ဖြစ်လာခဲ့ပါပြီ။”
4 years Ago
Up