ဘဲဥထုပွဲတော် (ဓာတ်ပုံ)

February 8, 2020

စစ်ကိုင်းမြို့က ဘဲဥထုပွဲတော် (ဓာတ်ပုံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က ထူးခြားတဲ့ပွဲတော်တခုဖြစ်တဲ့ ဘဲဥထုပွဲတော်ကို စတင်ကျင်းပနေတယ်လို့ သိရပါတယ်။ ဒီပွဲတော်ဟာ စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်၊ ဇိနမာရ်အောင် လောကချမ်းသာ (ကြေးဘုရားကြီး) ဗုဒ္ဓပူဇနိယပွဲတော်မှာ ထည့်သွင်းကျင်းပတာဖြစ်ပြီး ရှေးဘုရင်တွေ လက်ထက်ကတည်းက ကျင်းပခဲ့တဲ့ ပျော်ပွဲရွှင်ပွဲ အစဉ်အလာ ဖြစ်တယ်လို့ သိရပါတယ်။ အခုနှစ်မှာတော့ ဘဲဥ ရောင်းချသူတွေ ပိုများလာတယ်လို့ ဓမ္မရက္ခိတ လူမှုရေးအသင်း နာယက ဦးစံထွန်းက ပြောပါတယ်။ “မနှစ်ကတုန်းက လေးဆယ် ငါးဆယ်လောက် ရှိတယ်၊ ဒီနှစ် လေး ငါး ခြောက်ဆိုင်လောက်တော့ တိုးလိမ့်မယ် ထင်တယ်။ ဘာကြောင့်ဆိုရင်တော့ ဒီဧမြဝတီရပ်က မဟုတ်ဘဲနဲ့ တခြားနေရာက ရောင်းမယ့်ပုဂ္ဂိုလ်လေးတွေ အဲဒီလိုတော့ ရှိတယ်။ ဒီကြေးဘုရားကြီးပွဲတော်မှာ လာရောက်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီပွဲတော်က ဘဲဥကို ဝယ်စားရင် ရောဂါဝေဒနာ ဘာမှမဖြစ်ဘူး၊ နဂိုက ဖြစ်ထားတဲ့ ရောဂါဝေဒနာရှိရင်တောင်မှ ပျောက်တယ်လို့ ဆိုပြီး ဘုရားကြီးရဲ့ ကျေးဇူးတော်ကြောင့် ဒီဟာ ဆေးဘဲဥဖြစ်တယ်ဆိုပြီး အဲဒီလို ဝယ်စားနေကြတယ်” လို့ ပြောပါတယ်။ ဒီပွဲတော်ကို စစ်ကိုင်း၊ မန္တလေးနဲ့အနီးတဝိုက်က လာရောက်လည်ပတ်ကြတာဖြစ်ပြီး အခုနောက်ပိုင်းမှာ စိတ်ဝင်စားမှု ပိုများလာတယ်လို့ ဧမြဝတီရပ်ကွက်က ဘဲဥရောင်းသူ မလှလှဝင်းက ပြောပါတယ်။ “နှစ်ထောင်မြတ်မြတ် သုံးထောင်မြတ်မြတ် ဆိုပြီးတော့ ရောင်းကြတာ၊ မကုန်တဲ့လူတော့ မရှိပါဘူး၊ ကုန်ပါတယ်၊ နည်းနည်းမိုးချုပ်တာနဲ့ စောတာပဲ ကွာတာပါ။” ဘဲဥထုပွဲတော်ကို တပို့တွဲလဆန်း ၁၄ ရက်နေ့ ညပိုင်းကနေ လပြည့်ကျော် တရက်နေ့အထိ ၃ ရက်တိုင်အောင် ကြေးဘုရားကြီးအနီး ပဲ့နင်းစေတီတော်ရင်ပြင်မှာ ကျင်းပနေတာပါ။ ထိန်ထိန်လင်း
1 year Ago
Up