ဘေးအန္တရာယ် ၅၃ ကြိမ်

August 8, 2020

စစ်ကိုင်းတိုင်း၌ ဇူလိုင်လအတွင်း ဘေးအန္တရာယ် ၅၃ ကြိမ် ဖြစ်ပွား

စစ်ကိုင်းတိုင်းမှာ ဇူလိုင်လ တစ်လအတွင်းမှာ ဘေးအန္တရာယ်ဖြစ်ပွားမှုက ၅၃ ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး အများစုက မြစ်ရေတက်လို့ ရေဝင်ပြောင်းရွှေ့ရတာတွေဖြစ်ကာ ၂၅ ကြိမ်ထိ ရှိခဲ့ပါတယ်။  ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းမှာ မီးဘေး ၇ ကြိမ်၊ မိုးကြိမ်းဘေး ၂ ကြိမ်၊ ကမ်းပြိုဘေး ၁၃ ကြိမ်၊ လေဘေး ၄ ကြိမ်၊ မြေပြို ၂ ကြိမ်တို့လည်း ဖြစ်ပွားခဲ့ပြီး နေအိမ် ၄၀ လုံးဝပျက်စီးကာ အိမ်ထောင်စုပေါင်း ၂၄၇၉ စု၊ လူဦးရေ ၁၁၂၅၂ ဦး ဘေးသင့်ခဲ့တာပါ။  မိုးကြိုးကြောင့် သေဆုံးသူ ၃ ဦး၊ လေဘေးကြောင့် သေဆုံးသူ ၃ ဦး စုစုပေါင်း ၆ ဦးသေဆုံးခဲ့ပါသေးတယ်။  ဘေးအန္တရာယ်ဖြစ်ပွားမှုတွေနဲ့ ပတ်သက်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ ငွေကျပ်သိန်းပေါင်း ၄၃၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့ရပါတယ်။ စစ်ကိုင်းတိုင်း ဘေးစီမံ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က “မနှစ်က ကာလတူနဲ့စာရင်တော့ နည်းတယ်ပြောရမယ်။ မနှစ်က ရေဘေးက များတယ်။ ဒီနှစ်က ရေဘေးက နည်းတယ်။ မိုးကြိုးဘေးကတော့ သိပ်မကွာပါဘူး။ ထောက်ပံ့ရမှုအနေနဲ့လည်း တစ်တိုင်းလုံးဆို ကျပ်သိန်းပေါင်း ၂ ထောင်ကျော်တော့ ရှိတော့မယ်။”လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ဘေးအန္တရာယ်ဖြစ်ပွားမှုက နှစ်စဉ် ၁၀၀ ဝန်းကျင်တိုးပြီး ဖြစ်ပေါ်လာနေကာ သဘာဝပတ်ဝန်းကျင်ပျက်စီးလာတာနဲ့ လူတွေရဲ့ စည်းကမ်းမဲ့မှုတွေကြောင့်လည်း ပိုမို ဖြစ်ပေါ်လာနေတာပါ။  စစ်ကိုင်းတိုင်း ဘေးစီမံဦးစီးဌာနက ရရှိတဲ့ စာရင်းတွေအရ ၂၀၁၆-၁၇ ခုနှစ်မှာ ဘေးအန္တရာယ်ပေါင်း ၁၂၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ထူးခြားဖြစ်စဉ်အနေနဲ့ ချင်းတွင်းမြစ်အတွင်း အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်မှု ဖြစ်ပေါ်ခဲ့တာအပါအဝင် စုစုပေါင်း လူဦးရေ ၁၇၂ ဦး သေဆုံးခဲ့ပါတယ်။  ဘေးအန္တရာယ်အားလုံးအတွက် ငွေကျပ်သိန်းပေါင်း ၁၈၈၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့ရပါတယ်။  ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာလည်း ဘေးအန္တရာယ်ဖြစ်ပွားမှု ၃၅၅ ကြိမ်ရှိခဲ့ပြီး လေဘေး ၁၀၆ ကြိမ်ရှိခဲ့ကာ လူ ၁၈ ဦးသေဆုံးခဲ့ရသလို ငွေကျပ်သိန်းပေါင်း ၄၉၄၉ သိန်းကျော် ထောက်ပံ့ခဲ့ရပါတယ်။  ၂၀၁၈-၁၉ ခုနှစ်မှာလည်း ဘေးအန္တရာယ်ကျရောက်မှု ၄၁၂ ကြိမ်ဖြစ်ခဲ့ပြီး လူ ၃၉ ဦးသေဆုံးကာ လေဘေးတင် ၁၆၈ ကြိမ်ရှိခဲ့သလို ငွေကြေးထောက်ပံ့မှုအနေနဲ့ ကျပ်သိန်းပေါင်း ၄၉၄၁ သိန်းကျော် ရှိခဲ့ပါတယ်။  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာလည်း ဘေးအန္တရာယ်ဖြစ်ပွားမှုအနေနဲ့ အရင်နှစ်ကထက်နည်းနေသေးပေမယ့် ငွေကျပ်သိန်းပေါင်း ၂ ထောင်ကျော်ထိ ထောက်ပံ့ထားရပါတယ်။
1 year Ago
Up