ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့

October 12, 2021

NUG ဝန်ကြီး ၂ ဦး၊ သရုပ်ဆောင်ဒေါင်းတို့ ပါဝင်သည့် ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ စကားဝိုင်း ထုတ်လွှင့်မည်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီး ၂ ဦးနဲ့ သရုပ်ဆောင်မင်းသား ဒေါင်းတို့ ပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး နေ့ စကားဝိုင်းကို အောက်တိုဘာ ၁၃ ရက် ည ၆ နာရီမှာ အွန်လိုင်းကတဆင့် ထုတ်လွှင့် သွားဖို့ ရှိနေပါတယ်။

လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တို့နဲ့အတူ တကိုယ်တော် ပရဟိတသမားများကွန်ရက်မှ ခင်နှင်းကြည်သာတို့က ပါဝင်ဆွေးနွေးသွားကြမှာ ဖြစ်ကာ Moderator အနေနဲ့ သရုပ်ဆောင်မင်းသား ဒေါင်းက ပါဝင်သွားမှာ ဖြစ်ပါတယ်။

ဒီအွန်လိုင်းဆွေးနွေးပွဲကိုတော့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ Public Voice Television ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေကတဆင့် တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အောက်တိုဘာ ၁၃ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ ကမ်ပိန်းလှုပ်ရှားမှုမှာ အားလုံးပါဝင်ကြဖို့လည်း နှိုးဆော်တိုက်တွန်းထားပါတယ်။

သဘာဝဘေး ကပ်ရောဂါဘေးတွေသာမက စစ်အာဏာသိမ်းမှုကြောင့် ဖြစ်တဲ့ စစ်ဘေးဒဏ် ခံစားနေရတဲ့ မြန်မာပြည်အနှံ့က တိုင်းရင်းသားပြည်သူတွေနဲ့ တသားတည်းအတူ ခံစားနေရကြောင်းနဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့၊ ဘေးသင့်ပြည်သူတွေကို ကူညီစောင့်ရှောက်ဖို့အတွက်  ပြည်သူအားလုံးက အတူကြိုးစားနေကြောင်းပြသဖို့အတွက် ဒီကမ်ပိန်းကို ပြုလုပ်တာလို့ ဆိုပါတယ်။

ပါဝင်လိုကြတဲ့ ပြည်သူတွေအနေနဲ့ ကိုယ့်မှာရှိတဲ့ တိုင်းရင်းသား ဝတ်စုံကို ဝတ်မယ်၊ ပြီးရင် လူသားချင်း စာနာမှုကို ပြသတဲ့ အဓိပ္ပါယ်နဲ့ ညာဘက်လက်ကို ဘယ်ဘက် နှလုံးသား ပေါ်တင်၊ တော်လှန်ရေး သင်္ကေတ လက် ၃ ချောင်းထောင် ဓာတ်ပုံရိုက်ပြီး ကိုယ့်ရဲ့ ဆိုရှယ် မီဒီယာတွေမှာ မျှဝေရင်း ဒီကမ်ပိန်းမှာ ပါဝင်ပေးနိုင်မှာ ဖြစ်ပါတယ်။

1 year Ago
Up