ဘေးလွတ်ရာ ရွှေ့ပြောင်း

January 19, 2021

အင်ဒိုနီးရှားတွင် သီတင်းပတ်ချီ မိုးကြီးမှုကြောင့် လူ ၄ သောင်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း

အင်ဒိုနီးရှားနိုင်ငံမှာ ဇန်နဝါရီ ၁၈ ရက်ထိ သီတင်းပတ်ချီ မိုးကြီးနေလို့ ကလီမန်တန် တောင်ပိုင်းပြည်နယ်မှာ ရေလွှမ်းမိုးခဲ့လို့ လူ ၁၅ ယောက်ထက်မနည်း သေဆုံးပြီး လူ ၄၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ရိုက်တာက ပြောပါတယ်။ အင်ဒိုနီးရှားဟာ ရေကြီး၊ မြေပြို၊ မီးတောင်ပေါက်၊ ငလျင်လှုပ်၊ သဘာဝကပ်ဘေးတွေကို တခုပြီးတခုတင်မက တပြိုင်တည်းပါ ရင်ဆိုင်နေရတာပါ။ စူလာဝေစီကျွန်းရဲ့ အရှေ့မြောက်ဖျားက မာနာဒိုမြို့မှာ လှိုင်းကြီးတွေ ကမ်းရိုးတန်းတလျှောက် ရိုက်ခတ်ခဲ့လို့ ကမ်းရိုးတန်းမှာရှိတဲ့ စီးပွားရေးခရိုင်တခု ပျက်စီးခဲ့တယ်လို့ ဒေသခံ ရုပ်သံ တီဗီဝမ်းက ထုတ်လွှင့်ပါတယ်။ ကျွန်းပေါ်မှာ ရက်ချီ မိုးကြီးလို့ ရေကြီး၊ မြေပြိုခဲ့တဲ့အတွက် လူ ၆ ယောက်ထက်မနည်း သေဆုံးပြီး လူ ၅၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရတယ်လို့ ကပ်ဘေးသက်သာရေးအေဂျင်စီက ပြောပါတယ်။ အစွန်းရောက်ရာသီဥတုနဲ့ နောက်ထပ် ရေကြီးမယ့်အန္တရာယ်တွေ လာမယ့်သီတင်းပတ်တွေအတွင်း ကြုံရနိုင်တယ်လို့ အင်ဒိုနီးရှား မိုးလေဝသဌာနက သတိပေးထားပါတယ်။  အင်ဒိုနီးရှားမှာ နိုဝင်ဘာလကနေ မတ်လကြား မိုးရာသီအတွင်း ရေကြီး၊ မြေပြိုတာတွေ မကြာခဏ ကြုံရလေ့ရှိပြီး သစ်တောပြုန်းတီးမှုကြောင့် အခြေအနေက များသောအားဖြင့် ပိုဆိုးလာနေပါတယ်။
3 months Ago

August 18, 2020

တရုတ်နိုင်ငံတွင် ရွှံ့မြေပြိုကျမှုကြောင့် ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်း

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ရွှံ့မြေပြိုကျခဲ့ပြီးနောက်   သြဂုတ် ၁၈ ရက်မှာတော့ ကယ်ဆယ်ရေးလုပ်သားတွေက သောင်တင်နေတဲ့ ရွာသူရွာသား အများအပြားကို  ဘေးလွတ်ရာ ဆက်ရွှေ့ပြောင်းပေးနေပါတယ်။ ကျန်စုပြည်နယ်ရဲ့ ဝမ်စီရင်စုမှာ သြဂုတ် ၁၇ ရက် ညနေ ၄ နာရီအချိန်က ရွှံ့မြေပြိုတာကြောင့် ရွာလမ်းတွေ ပျက်စီးခဲ့ပါတယ်။ အဲဒီဒေသမှာ သီတင်းတစ်ပတ်လောက် မိုးကြီးတာကြောင့် ရေကြီးရာကနေ ရွှံမြေပြိုကျမှု ဖြစ်ရတယ်လို့ နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်ပါတယ်။ ဒေသခံအတော်များများဟာ ဘေးလွတ်ရာကို အချိန်မီ မပြောင်းရွှေ့နိုင်ဘဲ ခေါင်မိုးတွေပေါ် တက်ခိုလှုံနေရတယ်လို့လည်း နိုင်ငံပိုင် CCTV  ရုပ်သံမှာ ဖော်ပြပါတယ်။ ကယ်ဆယ်ရေးမှာ ရဟတ်ယာဉ်တွေကို ခေါ်ယူ အကူအညီတောင်းခံထားပြီး ဒေသခံတစ်ယောက်ထက်မနည်းကို  ရဟတ်ယာဉ်နဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ တရုတ်နိုင်ငံ အထူးသဖြင့် တောင်ပိုင်းဒေသတွေမှာ ထူးထူးခြားခြား မိုးကြီးနေတာကြောင့် ပြီးခဲ့တဲ့သီတင်းပတ်အထိ ရေကြီးမှုဒဏ်ကို လူဦးရေ ၆၃ သန်း တွေ့ကြုံခံစားရတယ်လို့ အရေးပေါ် စီမံခန့်ခွဲမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ 
8 months Ago
More News
Up