ဘေးလွတ်ရာရွှေ့

September 28, 2020

ကယ်လီဖိုးနီးယား နာပါတောင်ကြား၌ တောမီးလောင်၊ နေအိမ် ရာချီ ဘေးလွတ်ရာရွှေ့

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းအချက်အခြာ နာပါတောင်ကြားမှာ စက်တင်ဘာ ၂၇ ရက်နေ့က တောမီးလောင်ကျွမ်းနေတယ်လို့ သိရပါတယ်။  လေပြင်းတိုက်ခြင်းကြောင့် ဧက ၁၀၀၀ ကျော်လောက် တောမီး လောင်ကျွမ်းခဲ့ပြီး ရာပေါင်းများစွာသော အိမ်တွေနဲ့ဆေးရုံတရုံကို ဘေးကင်းရာ ရွှေ့ပြောင်းထားရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဆန်ဖရန်စ္စကိုမြို့ မြောက်ဘက် ၇၅ မိုင် အကွာက ဝိုင်ချက်လို့ ကျော်ကြားတဲ့ ဒေသမှာ လူနေရပ်ကွက်တွေနဲ့ စပျစ်ခင်းတွေကို ခြိမ်းခြောက်နေတဲ့ တောမီးကို မီးသတ်သမားတွေ ကြိုးစား ငြှိမ်းသတ်နေရပါတယ်။  မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တဲ့အပြင် ထိခိုက်ဒဏ်ရာရသူ ကြေညာတာ မရှိသေးပါဘူး။  စက်တင်ဘာ ၂၈ မနက်ပိုင်းထိ နာပါတောင်ကြားမှာ တောမီးဘေးအန္တရာယ် သတိပေးချက် အနီရောင်အလံကို ဆက်သတ်မှတ်ထားပါတယ်။  စန်တာ အန်နာဒေသက လေပြင်းတွေနဲ့ စိန်ဒီယေဂိုကနေ လော့စ်အိန်ဂျလိစ်နဲ့ ဗန်တူရာ မြို့နယ်တွေထိ လေထုစိုထိုင်းဆ နိမ့်ပါးမှုတွေကြောင့် တောမီးဟာ စက်တင်ဘာ ၂၈ ရက်အထိ ကာလီဖိုးနီးယား ပြည်နယ်တောင်ပိုင်းတလွှားမှာ ဆက်ရှိနေမယ်လို့ ကာလီဖိုးနီးယားမီးသတ် ဌာနက ပြောထားပါတယ်။
1 year Ago

September 24, 2020

ဗုံးသတိပေးချက်ကြောင့် အီဖယ်လ်  မျှော်စင်ပေါ်ရှိ လူများကို ဘေးလွတ်ရာရွှေ့

ပြင်သစ်နိုင်ငံ မြို့တော်ပါရီက အီဖယ်လ်မျှော်စင်မှာ ဗုံးထောင်ထားတယ်လို့ ရဲတွေဆီ ဖုန်းဆက် သတိပေးခံရအပြီး စက်တင်ဘာ ၂၃ ရက်မှာ မျှော်စင်ပေါ်က လူတွေကို နာရီ အတော်များများ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။  အဲဒီနောက် မျှော်စင်ကို ရှာဖွေခဲ့ပေမဲ့ ဘယ်လို ဖောက်ခွဲရေးပစ္စည်းကိုမှ မတွေ့ခဲ့ဘူးလို့ ရဲ ပြောခွင့်ရက ပြောပါတယ်။  ကမ္ဘာလှည့် ခရီးသည်တွေ၊ စားသောက်ဆိုင် ဝန်ထမ်းတွေနဲ့ အလုပ်သမားတွေအပါအဝင် လူ ရာဂဏန်း အတော်များများကို မျှော်စင်ကနေ မနက်နှောင်းပိုင်းမှာ ဖယ်ထုတ်ခဲ့ရတာပါ။  စနစ်တကျ ဘေးကင်းရာ ရွှေ့ခဲ့တာဖြစ်ပြီး လူတွေ ထိတ်လန့်တကြား မဖြစ်ခဲ့ဘူးလို့ ဘေးကင်းရာ ရွှေ့ဖို့ အမိန့်ပေးချိန်မှာ မျှော်စင်မှာရှိနေခဲ့သူ ဧည့်လမ်းညွှန်း တယောက်က ပြောပါတယ်။  အဲဒီနောက် မျှော်စင်ကို ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲလောက်မှာ ပြန်ဖွင့်ခဲ့ပါတယ်။
1 year Ago
More News
Up