ဘောလ်ပင်

A d v e r t i s e m e n t With Us

October 30, 2020

ရပ်ကျေးမဲရုံများ၌ ကြိုတင်မဲရာတွင် ဘောလ်ပင်ဖြင့် အမှန်ခြစ်ပြီး ဆန္ဒမဲပေးမှုများရှိနေ 

၂၀၂၀ ရွေးကောက်ပွဲအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ အောက်တိုဘာ ၂၉ ရက်ကစပြီး ကြိုတင်ဆန္ဒမဲပေးနေကြရာမှာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ထဲက  ရပ်/ကျေး မဲရုံတချို့မှာ  ကြိုတင်မဲကို  တံဆိပ်တုံးနဲ့ပေးရမယ့်အစား ဘောလ်ပင်နဲ့ အမှန်ခြစ်ပေးတာတွေ ရှိနေတယ်လို့  သိရပါတယ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းက ကျေးရွာမဲရုံတချို့မှာ မနေ့က ကြိုတင်ဆန္ဒမဲပေးရာမှာ ရပ်/ကျေးကော်မရှင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဘောလ်ပင်နဲ့ အမှန်ခြစ်ပြီး ကြိုတင်မဲတွေပေးခဲ့ရတယ်လို့  ကြိုတင်မဲပေးပြီးသူတွေက  ပြောပါတယ်။ ဒီကိစ္စကို အန်အယ်လ်ဒီ အောင်နိုင်ရေး ရပ်/ကျေးအဖွဲ့တွေက မြို့နယ်ကော်မရှင်အဖွဲ့ခွဲဆီကို မေးမြန်းရာက ရပ်/ကျေး ကြိုတင်မဲတွေကို UEC တံဆိပ်တုံးထုရမှာဖြစ်ကြောင်း သိရတဲ့အတွက် အောင်နိုင်ရေးအဖွဲ့တွေက ကိုယ့်ရွာကို အမြန်ဆုံးအကြောင်းကြားခဲ့ရတယ်လို့ အန်အယ်လ်ဒီ အောင်နိုင်ရေးအဖွဲ့တွေဆီက သိရပါတယ်။ ဝက်လက်မြို့နယ်မှာ ရပ်/ကျေး ကြိုတင်မဲရုံ ၃ ရုံလောက်မှာ ဘောလ်ပင်နဲ့ကြိုတင်မဲပေးကြတယ်လို့သိရပြီး ပင်း‌ဇင်းကျေးရွာအုပ်စု ကြိုတင်မဲရုံမှာတင် ဘောလ်ပင်နဲ့အမှန်ခြစ်ပေးခဲ့သူ ၇၉ ယောက်အထိရှိတယ်လို့ ရပ်ကျေးအောင်နိုင်ရေးအဖွဲ့တွေဆီက သိရပါတယ်။ ဘောလ်ပင်နဲ့ဆန္ဒမဲပေးဖို့ ပြောခဲ့တဲ့ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး အောင်မျိုးဆန်းက “၂၀၁၅ ရွေးကောက်ပွဲ ကြိုတင်မဲပေးတုန်းကလည်း ဘောလ်ပင်နဲ့ ပေးခဲ့တာကြောင့် အခုလည်း အဲဒီလိုပဲထင်ပြီး ဘောလ်ပင်နဲ့ပေးခိုင်းတာ”လို့  ပြောပါတယ်။ ဝက်လက်မြို့နယ်‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်ဝင်းကတော့ ဒီကိစ္စကို ခရိုင်ကော်မရှင်အဖွဲ့ခွဲနဲ့ တင်မပြီးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အထိ တင်ပြရမှာလို့ ပြောပါတယ်။ ဝက်လက်မြို့နယ်အတွင်းမှာ မဲရုံပေါင်း ၁၃၄ ရုံနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း  ၁၆၈, ၅၀၄ ရှိတယ်လို့ သိရပြီး ကြိုတင်မဲပေးသူ အရေအတွက်ဘယ်လောက်ရှိသလဲဆိုတာကိုတော့ မသိရသေးပါဘူး။ အလားတူ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ ရပ်ကျေးမဲရုံတချို့မှာလည်း ၂၀၂၀ ရွေးကောက်ပွဲအတွက ကြိုတင်မဲတွေ စတင်ပေးနေကြရာမှာ  တံဆိပ်တုံးအစား ဘောလ်ပင်တွေ ချပေးထားတဲ့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအပါအဝင်  ဘောလ်ပင်နဲ့ချစ်ပြီး မဲပေးခဲ့ကြသူတွေ ရှိနေပါတယ်။  မိုးညှင်းမြို့နယ် အောင်သပြေရပ်ကွက် မဲရုံအမှတ် ၉ နဲ့ အမှတ် ၁၀ တို့မှာ အောက်တိုဘာ ၂၉ ရက်မနက်ကစပြီး အသက် ၆၀ နဲ့အထက် မဲဆန္ဒရှင်တွေ ကြိုတင်မဲစတင်ပေးခဲ့ကြရာမှာ အစောပိုင်းမှာ တံဆိပ်တုံးချမထားပဲ ဘောလ်ပင်သာချထားပေးခဲ့လို့  မဲရုံ အမှတ် ၉ မှာ ၂၅ ဦးနဲ့  မဲရုံအမှတ်  ၁၀ မှာ ၆ ဦး လောက် ဘောလ်ပင်နဲ့ အမှန်ခြစ်ပြီး မဲပေးခဲ့ကြတယ်လို့ ခရိုင်ကော်မရှင်ရုံးက သိရပါတယ်။ မိုးညှင်းမြို့က ရပ်ကွက်ကော်မရှင် ဥက္ကဋ္ဌ ဦးစမ်းအောင်က "မနက်ရှစ်နာရီလောက်ကစပီး တက်တက်ကြွကြွ လာပီးမဲပေးကြတာ မဲရုံ ၉ နဲ့ ၁၀ နှစ်ရုံ ပေါင်း ၁၃၀ ဦးလောက်ရှိပါတယ်။ မဲ စပေးပေးချင်း ဘောလ်ပင်နဲ့ အမှန်ခြစ်မိတာ ၂၅ ယောက်ဝန်းကျင်လောက်ရှိမယ်။ ၉ နာရီလောက်တော့ မြို့နယ် ရွေးကောက်ပွဲကော်မရှင်က တံဆိပ်တုံးနဲ့ ထုရမယ်လို့ ညွှန်ကြားလာတော့ တံဆိပ်တုံးနဲ့ပြောင်းထုပါတယ်။ ကျန်းမာရေးနဲ့အညီ ၆ ပေခွာ ပေးကြပါတယ်” လို့  ပြောပါတယ်။ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းတဦးကလည်း မနက် ၈ နာရီလောက်လာပီ မဲရုံအမှတ် ၁၀ မှာ ဘောလ်ပင်နဲ့ အမှန်ခြစ်ကာ မဲပေးသွားခဲ့ပြီး သူပြန်သွားမှ တံဆိပ်တုံးလာချတာလို့ မဲပုံးစောင့်သူတဦးက ပြောပြပါတယ်။ မိုးညှင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကတော့ “ဆန္ဒပြုတဲ့နေရာမှာ ကော်မရှင်ဘက်က တခုတည်း တာဝန်ရှိတာမဟုတ်ဘူး။မဲလက်မှတ်ပေါ်မှာ မဲဆန္ဒရှင်တယောက်က အမှန်ခြစ်ရမည်၊ တံဆိပ်တုံးရိုက်နှိပ်ရမည် စတဲ့စည်းကမ်းချက်တွေ ပါပြီးသား။ ပယ်မဲတို့ ခိုင်လုံမဲတို့ဆိုတာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က သတ်မှတ်ထားတာမို့ မြို့နယ်က ဒီဘောလ်ပင်နဲ့ခြစ်မဲထဲ့တာကို ခိုင်လုံမဲ လုပ်ပိုင်ခွင့်မရှိပါဘူး။ ပြည်ထောင်စုကော်မရှင်က  ခိုင်လုံမဲ လုပ်ခွင့်ပြုတယ်လို့ အမိန့်မထုတ်ပြန်မချင်း ပယ်မဲအဖြစ်သတ်မှတ်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ ရပ်ကျေးမဲရုံတွေမှာ ကြိုတင်မဲပေးတဲ့အခါ တံဆိပ်တုံးနဲ့ထုရမှာကို  ခရိုင်ရွေးကောက်ပွဲကော်မရှင်က ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေကို သင်တန်းတွေပေးထားပြီး စာလည်းထွက်ထားသလို့ Viber ကနေ ပေးပို့ထားတယ်လို့ ဆိုပါတယ်။ မိုးညှင်းမြို့နယ်မှာ  မဲရုံပေါင်း ၁၀၆ ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း  ၁၅၈၆၉၄ ဦး  ရှိကြောင်းသိရပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း  အသက် ၆၀ နဲ့အထက် ကြိုတင်မဲလာထည့်တဲ့သူ တွေဟာ မဲပေးပုံ ပေးနည်းကိုမသိဘဲ မဲလာထည့်တဲ့သူတွေရှိနေတယ်လို့ မဲထည့်တဲ့သူတွေထံကနေ သိရပါတယ်။ ဆန္ဒရှင် တစ်ဦးဖြစ်တဲ့ ဦးထွန်းအောင်က “ကျနော်က လွှတ်တော် ၃ ရပ်ကို မဲစာရွက် တစ်ရွက်ထဲမှာဘဲ  ၃ ခေါက်ထုရမယ်မှတ်လို့။ အဲ့ဒီလိုထည့်လိုက်မိတယ်။ တစ်ခါရှုံးတာပေါ့။ ပြီးတော့ ပါတီတံဆိပ်တွေက အရောင်တူနေတာလည်းရှိတယ်။ မဲလာဆွယ်တဲ့ပါတီတွေကလည်း ဘယ်လိုမဲထည့်ရမယ်ဆိုတာ မပြောပြသွားဘူး။  အိမ်မှာ ကျနော့် သာရယ်၊ သမီးရယ်ရှိတယ်။ ၈ ရက်နေ့မဲသွားထည့်ရင် ကျနော့်လို ဖြစ်မှာစိုးလို့ သေချာရှင်းပြရမယ်” လို့ ပြောပါတယ်။ လက်ရှိ ကြိုတင်မဲလာပေးသူတွေအနေနဲ့  အယောက် ၁၀၀ မဲလာထဲ့ရင် ၅၀ လောက်က မဲဘယ်လိုပေးရမလဲဆိုတာ သေသေချာချာ ဂဃနဏမသိကြဘူးလို့လည်း  ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲတွေထံက သိရပါတယ်။ အသက် ၆၀ နဲ့အထက် ကြိုတင်မဲထည့်မယ့်သူတွေဟာ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်​အထိ  မနက် ၈ နာရီမှ ညနေ ၆နာရီအထိ သက်ဆိုင်ရာ ရက်ကျေးမဲရုံတွေမှာ ကြိုတင်မဲပေးနိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းလို့ မသွားမလာနိုင်မထနိုင်တဲ့ အဘိုးအဘွားတွေကိုတော့  ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူတွေက  အိမ်တိုင်ရာရောက် ကြိုတင်မဲ ကောက်ယူပေး နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက  ရပ်ကွက်ကျေးရွာအုပ်စု ကြိုတင်မဲတွေဟာ မိမိကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းရဲ့ ဘေးအကွက်အတွင်းမှာ ဘောလ်ပင်နဲ့သာ အမှန်ခြစ်ခြစ်ရတာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ ကြိုတင်မဲပေးရာမှာတော့  မဲရုံမှာ မဲပေးတာ (သို့မဟုတ်) ရပ်ကွက်/ကျေးရွာအုပ်စုကြိုတင်မဲဆိုရင်  မဲပေးလိုတဲ့ ကိုယ်စားလှယ်လောင်းရဲ့ အမည်တည့်တည့် ဘေးဘက်ရှိ လေးထောင့်အကွက်ထဲမှာ အမှန်အမှတ်အသားပါသော UEC တံဆိပ်တုံးနဲ့ ရိုက်နှိပ်မဲပေးရမှာပါ။ မြို့နယ်ကြိုတင်မဲဆိုရင်တော့  မဲပေးလိုတဲ့ ကိုယ်စားလှယ်လောင်းရဲ့ အမည်တည့်တည့်ဘေးဘက်ရှိ လေးထောင့်အကွက်ထဲမှာ ဘောလ်ပင်နဲ့ အမှတ်အသား ✓ ခြစ်ပေး ပြီး မဲရေးရမှာဖြစ်တယ်လို့ မဲလက်မှတ်စာရွက်မှာ ရေးသားထားပါတယ်။ အောင်စံလင်း/ မုန်းမုန်းမင်း/ မီးမီး
3 months Ago
Up