ဘောလုံးအသင်း

June 17, 2020

ဘောလုံးအသင်းတိုင်းတွင် Gay ကစားသမားရှိနိုင်ဟု ဝက်ဖို့ဒ်အသင်း ခေါင်းဆောင်ပြော 

ဘောလုံးအသင်းတိုင်းလိုလိုမှာ Gay ကစားသမားတွေ ရှိနေနိုင်တယ်လို့ ဝက်ဖို့ဒ်အသင်း ခေါင်းဆောင် ထရိုင်ဒီနေးကပြောပါတယ်။ အားကစားသမားတွေအနေနဲ့ သူတို့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကို အခုထက်ပိုပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုကြဖို့ တိုက်တွန်းရင်းနဲ့ အခုလို ပြောဆိုလိုက်တာပါ။ လက်ရှိအချိန်အထိ ဗြိတိန်ရဲ့သမိုင်းတလျှောက်မှာ နော့ဝှစ်ချ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဂျက်စတင်ဖာရှာနူ တစ်ဦးတည်းကသာ သူဟာ Gay တစ်ဦးဖြစ်တယ်လို့ ဝန်ခံထားတာဖြစ်ပြီး ဒီနေးကတော့ လက်ရှိကစားနေဆဲဖြစ်တဲ့ ကစားသမားတွေထဲမှာလည်း Gay တွေ ရှိနေတယ်လို့ ပြောပါတယ်။  “Gay တဦးဦး ဒါမှမဟုတ် ဒီအသိုက်အဝန်းထဲက လူတစ်ဦးဦးဟာ သူတို့ ကျင်လည်ရာ နယ်ပယ်မှာ ဒီလိုမျိုး ပထမဆုံး ထုတ်ဖော်ဝန်ခံမှုကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို စိုးရိမ်နေပုံရပါတယ်။ ကျနော့်အထင် တစ်ယောက်ယောက်ကသာ သူတို့ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို ပထမဆုံးအနေနဲ့ ထုတ်ဖော်ပြောဆိုလိုက်ရင် တပတ်အတိုင်း သူလိုမျိုး ထုတ်ဖော်ပြောဆိုလာမယ့် လူ အယောက် ၁၀၀ လောက် ရှိလာနိုင်ပါတယ်။” အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပြီး ကလေးနှစ်ဦးရှိပါတယ်။ အားကစားသမားတွေအနေနဲ့ အခုချိန်မှာ သူတို့ရဲ့လိင်စိတ်ခံယူချက်ကို ပွင့်ပွင့်လင်းလင်းချပြဖို့ အကောင်းဆုံးလို့ ယုံကြည်နေပြီး ဖုံးကွယ်ထားခြင်းက ခက်ခဲမှုကို ပိုခံစားရစေနိုင်တယ်လို့ အကြံပြုပါတယ်လို့ ဘီဘီစီရဲ့အစီစဉ်တခုမှာ ပြောခဲ့ပါတယ်။ “အခုဆိုရင် ကျနော်တို့အားကစားလောကမှာ အရင်ကထက်ပိုပြီးတော့ Gay ကစားသမားတွေကို လက်ခံနိုင်စွမ်း မြင့်တက်လာကြပြီ ဖြစ်ပါတယ်။ ဘောလုံး၊ ရပ်ဘီနဲ့ ဘယ်အားကစားလောကကပဲ ဖြစ်ဖြစ် ‘ကျနော် Gay တစ်ဦးပါ’လို့ ထုတ်ဖော်ပြောဆိုလိုက်တာက ဒီကိစ္စကြီးကို ကစားသမားဘဝတလျှောက်လုံး ထိန်းသိမ်းပြီး နေသွားရတာထက် ပိုကောင်းမွန်ပါလိမ့်မယ်” လို့ ဒီနေးက အကြံပြုသွားခဲ့ပါတယ်။  ၂၀၁၉ ခုနှစ်မှာ အေလိဂ်ကလပ် နယူးကာဆယ်ဂျက်စ်အသင်းမှာ ကစားခဲ့တဲ့ သြစတြေးလျ ဘောလုံးသမား အန်ဒီဘရန်နန်က သူဟာ Gay တစ်ဦးဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။  ဒီလိုတရားဝင် ထုတ်ပြန်ကြေညာလိုက်ခြင်းက သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုအပေါ် ဖုံးကွယ်စရာ မလိုတော့ဘဲ ဘောလုံးအားကစားအပေါ် အပြည့်အဝ အာရုံစိုက်စူးစိုက်နိုင်စေတယ်လို့ ဘရန်နန်က ပြောပါတယ်။
1 year Ago

November 23, 2019

ဆီးဂိမ်းတွင် အောင်မြင်မှုရယူပေးရန် အမျိုးသားနှင့်အမျိုးသမီး ဘောလုံးအသင်းတို့ကို ဦးဇော်ဇော် တိုက်တွန်း

အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသားအသင်းနဲ့ အမျိုးသမီးအသင်းတွေအနေနဲ့ ပြည်သူတွေ မျှော်လင့်နေတဲ့ အောင်မြင်မှု ရယူပေးဖို့ မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က တိုက်တွန်းလိုက်ပါတယ်။ ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် မြန်မာ ယူ -၂၂ အမျိုးသားအသင်း၊ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းတို့မှ တာဝန်ရှိသူတွေ၊ ကစားသမားတွေကို နိုဝင်ဘာ ၂၂ ရက်က Novotel Yangon Max မှာ တွေ့ဆုံအားပေးစကား ပြောကြားပြီး တိုက်တွန်းခဲ့တာလို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ မြန်မာ ယူ-၂၂ အသင်း အဖွဲ့ခေါင်းဆောင် ဦးမင်းလှိုင်၊ အမျိုးသမီးဘောလုံးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စံပယ်ကြည်၊ နည်းစနစ်ကော်မတီ ဥက္ကဋ္ဌ ဦးသန်းတိုးအောင်တို့ကလည်း ကစားသမားတွေကို စိတ်ဓာတ်ခွန်အား မြင့်မားစေဖို့ အားပေးစကားများ ပြောကြားခဲ့ကြပါတယ်။ အမျိုးသားအသင်းက လှိုင်းဘိုဘိုနဲ့ အမျိုးသမီးအသင်းမှ ခင်မာလာထွန်းတို့က အသင်းအောင်မြင်မှု ရရှိရေးနဲ့ နိုင်ငံအတွက် အစွမ်းကုန် ကြိုးစားကစားသွားမယ်လို့  ပြောပါတယ်။ မြန်မာ ယူ-၂၂ အမျိုးသားအသင်းကိုယ်စား လှိုင်းဘိုဘိုက “ကျနော်တို့ တသင်းလုံးရော၊ ကျနော်ကိုယ်တိုင်ရော အသင်းအတွက်၊ နိုင်ငံ့အတွက် အကောင်းဆုံး ပေးဆပ်ကစားမယ်လို့ ကတိပေးပါတယ်၊ ကစားသမားတွေ အကုန်လုံး ညီညီညွတ်ညွတ်နဲ့ နည်းပြ မှာကြားတဲ့အတိုင်း လိုက်နာပြီး ရလဒ်ကောင်းရဖို့ ကြိုးစားမှာပါ” လို့ ပြောပါတယ်။  အမျိုးသမီးအသင်းမှ ဝါရင့်ကစားသမား ခင်မာလာထွန်းက “အောင်မြင်မှုရဖို့ အစွမ်းကုန် ကြိုးစားကစားပါမယ်။ အခုအချိန်မှာ တသင်းလုံး စည်းစည်းလုံးလုံး ရှိနေကြပြီး ဆီးဂိမ်းပြိုင်ပွဲဝင်ဖို့ စိတ်အားထက်သန်နေကြပါပြီ။ ကျနော်တို့မှာရှိတဲ့ စွမ်းဆောင်မှုအပြည့် အားအင်အပြည့် အသုံးချပြီး နိုင်ငံအတွက် ကြိုးစားကစားပါမယ်" လို့ ပြောပါတယ်။ ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် မြန်မာအမျိုးသားအသင်းနဲ့ အမျိုးသမီးအသင်းတို့ဟာ နိုဝင်ဘာ ၂၃ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံကို ထွက်ခွာကြမှာပါ။ Photo : Myanmar Football Federation
2 years Ago
Up