ဘောလုံးပွဲ

June 1, 2020

ပရိသတ်အတွက် ဘောလုံးပွဲများ ပြန်စသင့်ဟု မော်ရင်ဟို ပြော

ဘောလုံးပွဲစဉ်တွေကို ပြန်လည်စတင်ဖို့ အရေးကြီးပြီးတော့ ကစားသမားတွေအနေနဲ့ ဒီကာလမှာ ပရိသတ်တွေအတွက် ပြန်ကြည့်ပေးသင့်တယ်လို့ စပါးအသင်းနည်းပြ ဟိုဆေးမော်ရင်ဟိုက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို မတ်လလယ်မှာ ရပ်နားလိုက်ရ ပါတယ်။ တင်းကျပ်တဲ့ သန့်ရှင်းရေးသတ်မှတ်ချက်တွေ၊ ကျန်းမာရေးဆိုင်ရာ ပုံမှန်စစ်ဆေးမှုတွေနဲ့ အတူ  လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ လေ့ကျင့်ရေးအစီအစဉ်တွေ ကို ပြန်လည်စတင်နေပြီဖြစ်ပြီး ဇွန်လ ၁၇ ရက်မှာ ပြိုင်ပွဲကို ပြန်လည်စတင်နိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒီအနေအထားအပေါ် စိုးရိမ်မှုတွေ ရှိနေကြပေမယ့် မော်ရင်ဟိုကတော့ ဒီအချိန်ဟာ ပြိုင်ပွဲကို ပြန်လည်စတင်ဖို့ သင့်လျော်မှုရှိတယ်လို့ ထောက်ခံလိုက်ပါတယ်။ “ကျနော်တို့ တကိုယ်ကောင်းဆန်လို့ မဖြစ်ပါဘူး။ ကျနော်တို့ အရမ်းကြီး တောင်းဆိုနေလို့လည်း မရပါဘူး။ ကျနော်တို့ ပြန်ပေးရမှာ ဖြစ်ပါတယ်။ ဥပမာပေးရရင် ကစားသမားတွေဟာ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေ ကစားရတဲ့အခါမှာ သူတို့ အားလပ်ရပ် များများစားစား မရှိခဲ့ပါဘူး။ သူတို့မှာ ရာသီကြိုခြေစမ်းပွဲ မရှိခဲ့သလို အားလပ်ရက်ပြီးရင် တစ်ပတ်လောက် လေ့ကျင့်ရေးဆင်းပြီး ပထမဆုံး ပရီးမီးယားလိဂ်ပွဲကို ဝင်ကန်ရသလိုပါပဲ။ ဒီအခြေအနေမှာ လူတွေဟာ  သူတို့မှာမရှိခဲ့ဘူးတဲ့အရာကို ရှိဖို့ ကြိုးစားရင်းနဲ့ စိုးရိမ်စိတ်ဝင်နေသလိုပါပဲ။ ကျနော်တို့အနေနဲ့ တာဝန်ရှိသူတွေဘက်ကနေ ပေးနိုင်တာထက်ပိုပြီး တောင်းဆိုလို့ မရပါဘူး။ ဒါဟာ သူတို့ လုပ်ပေးနိုင်တာ အကုန်ပါပဲ။ ကျနော့်အမြင်ကို ပြောရရင်တော့ ဒီအခြေအနေမှာ ကျနော်တို့ ကစားရပါမယ်။ ဒါဟာ ကျနော်တို့ဆီက လူတွေ လိုချင်နေတဲ့အရာပဲ ဖြစ်ပါတယ်။” မော်ရင်ဟိုက ကိုရိုနာ Lockdown ကာလအတွင်း ဘောလုံးပွဲစဉ်တွေကို ရပ်နားလိုက်ရတော့မယ်လို့ စိုးရိမ်မှုရှိခဲ့ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။ “ဘယ်တော့ ပြန်စတော့မလဲဆိုတာနဲ့ ဒီရာသီကို ဖျက်သိမ်းလိုက်တော့မလား ဆိုတာကို စိုးရိမ်မိခဲ့တဲ့ အခိုက်အတန့်လည်း ရှိခဲ့ပါတယ်။ နောက်ရာသီကို ဘယ်တော့ပြန်စမလဲဆိုတာ စဉ်းစားရင်းနဲ့ပဲ ဒီသံသယတွေ တဖြည်းဖြည်း နည်းလာနည်းလာပြီးတော့ အခုဆိုရင် ပြန်စရတော့မယ်လို့ ခံစားမိလာပါပြီ။ အခု ကျနော်တို့ ပြန်ကစားချင်နေပါပြီ။ ဂျာမနီမှာ ဘောလုံးပွဲတွေ ပြန်စနေပြီဖြစ်သလို၊ ပေါ်တူဂီမှာဆို  အခုအပတ်၊ စပိန်မှာဆို နောက်တပတ်မှာ ပြန်စတော့မှာ ဖြစ်ပါတယ်။ ဘောလုံးပွဲတွေမှာ အလျှိုအလျှို ပြန်စလာကြပါပြီ” လို့ သူက ပြောခဲ့ပါတယ်။     
1 year Ago

May 20, 2020

အီတလီနှင့် စပိန်က ဆေးရုံများအတွက် ရန်ပုံငွေ ဘောလုံးပွဲကျင်းပရန် ဘိုင်ယန်အသင်း စီစဉ်

အီတလီနဲ့ စပိန်က ဆေးရုံတွေအတွက် ရန်ပုံငွေဘောလုံးပြိုင်ပွဲတရပ် ကျင်းပဖို့ ဘိုင်ယန်မြူးနစ်အသင်းက စီစဉ်နေပါတယ်။ အီတလီနဲ့ စပိန်နိုင်ငံတွေဟာ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံးကူးစက်ခံခဲ့ကြရပြီး သေဆုံးမှုအရေအတွက်လည်း မြင့်မားခဲ့တာပါ။ ဒီအခြေအနေကို စာနာဖေးမတဲ့အနေနဲ့ ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်အသင်းက ဦးဆောင်ပြီး စပိန်ကလပ် ရီးရဲလ်မက်ဒရစ်၊ အီတလီကလပ် အင်တာမီလန်တို့ကို ဖိတ်ကြားပြီး စည်းလုံးညီညွတ်ရေးဖလားအဖြစ် ကျင်းပဖို့ ရှိနေတာပါ။ အဲဒီပြိုင်ပွဲကို လာမယ့် ၂၀၂၁ ခုနှစ်မှာ ကျင်းပမှာဖြစ်ပြီး ဘိုင်ယန်၊ ရီးရဲလ်နဲ့ အင်တာမီလန်ကွင်းတွေမှာ တပွဲစီ ကစားဖို့ စီစဉ်ထားတာပါ။ ဗိုင်းရပ်စ်ကာလအတွင်းမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေဟာ သူရဲကောင်းတွေဖြစ်ကြပြီး သူတို့ကို ဘိုင်ယန်မြူးနစ်အိမ်ကွင်းကို ဖိတ်ကြားကာ ရီးရဲလ်အသင်းနဲ့ယှဉ် ပြိုင်ကစားတာကို ကြည့်ရှုစေမယ်လို့ ဘိုင်ယန်အသင်း စီအီးအို ရူမင်နစ်ဂီက ပြောပါတယ်။  ပွဲစဉ် ၃ ပွဲကနေ ရရှိလာတဲ့ ငွေကြေးတွေကိုလည်း ဗိုင်းရပ်စ်ဒဏ် အများဆုံးခံစားခဲ့ရတဲ့ အီတလီနဲ့ စပိန်က ဆေးရုံတွေမှာ လှူဒါန်းဖို့ စီစဉ်ထားပါတယ်။
1 year Ago
More News
Up