ဘောလုံးပြိုင်ပွဲ

November 12, 2022

ထိုင်းရောက် တနင်္သာရီတိုင်းက လူငယ်များ ရန်ပုံငွေဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပမည်

စစ်ဘေးကြောင့် တိမ်းရှောင်နေကြရသူတွေကို ကူညီနိုင်ရန် လူသားချင်းစာနာကူညီမှု ရန်ပုံငွေရရှိရေး ထိုင်းနိုင်ငံရောက် တနင်္သာရီတိုင်းကလူငယ်တွေ ရန်ပုံငွေ ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကျင်းပမယ်လို့ ဘောလုံးပြိုင်ပွဲစီစဥ်နေသူတွေက​ ပြောပါတယ်။

ထိုင်းနိုင်ငံအခြေစိုက်တနင်္သာရီတိုင်း တိုင်းလူငယ်ကွန်ရက်က ဦးဆောင်ကျင်းပမယ့် အဲဒီပြိုင်ပွဲကို ထိုင်းနိုင်ငံ စူလတ်မြို့က ဘန်းတော် PPK ဘောလုံးကွင်းမှာ ဒီဇင်ဘာ ၁၈ ရက်နေ့ ပြုလုပ်သွားမှာပါ။

ပြိုင်ပွဲကို ဦးဆောင်ပြုလုပ်ပေးမယ့် ထိုင်းနိုင်ငံအခြေစိုက် တနင်္သာရီတိုင်း တိုင်းလူငယ် ကွန်ရက်တာဝန်ခံ ကိုခန့်ကတော့ အဲဒီပြိုင်ပွဲကနေ ရလာတဲ့ ရန်ပုံငွေတွေကို စစ်ဘေးရှောင်နဲ့ လူသားချင်းစာနာထောက်ထားမှုကူညီရေးလုပ်ငန်းတွေအတွက် အဓိက အသုံးပြုမယ်လို့ ဆိုပါတယ်။

"ပြိုင်ပွဲကိုတော့ စည်စည်ကားကားလေးဖြစ်အောင် ဖျော်ဖြေရေးတွေနဲ့ပါ လုပ်နိုင်ဖို့ ကြိုးစား နေတယ်။ ဒီမှာပြီးရင် ဖူးခက်၊ ရနောင်းတို့မှာ ထပ်လုပ်ဖို့လည်းရှိတယ်၊ အခြားမြို့တွေမှာလည်း အခုလိုပြိုင်ပွဲတွေထပ်လုပ်နိုင်အောင် ကြိုးစားသွားမှာပါ။ ထိုင်းရောက်နေတဲ့ တနင်္သာရီတိုင်းက လူငယ်တွေ ပိုပြီးစည်းစည်းလုံးလုံးဖြစ်အောင်လည်း ရည်ရွယ်ထားတယ်။"

အဲဒီပြိုင်ပွဲမှာပါဝင်မယ့် ပြိုင်ပွဲဝင်အသင်းတသင်းမှာ ပြိုင်ပွဲဝင် ၁၅ ဦးအထိ ပါဝင်နိုင်ပြီး ပြိုင်ပွဲဝင်ကြေးကတော့ တသင်းကို ဘတ် ၄၀၀၀ စီ ​ထည့်ဝင်ကြရမှာပါ။

ပြိုင်ပွဲဝင်အသင်းပေါင်း ၃၀ နဲ့ တဖက်ကစားသမား ၇ ဦးစီ ယှဥ်ပြိုင်ကစားကြမယ့် အဲဒီဘောလုံး ပြိုင်ပွဲမှာပါ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတ္ထုဆု ဆုဖလားတွေအပြင် ဂိုးသမားအကောင်းဆု၊ ဂိုးသွင်းအများဆုံးဆုနဲ့ ပွဲစဥ်တလျှောက် အကောင်းဆုံးကစားသမားဆုတွေကိုလည်း ချီးမြှင့်သွားမှာဖြစ်ပြီး ထိုင်းနိုင်ငံရောက် တနင်္သာရီတိုင်းထဲက လူငယ်တွေအပြင် အခြားဒေသက လူငယ်တွေလည်း စာရင်းပေး ပါဝင်ယှဥ်ပြိုင်ကြဖို့ တာဝန်ရှိသူတွေက ဖိတ်ခေါ်ထားပါတယ်။

နိုဝင်ဘာ ၆ ရက်ကလည်း ထိုင်းနိုင်ငံ၊ စူလတ်မြို့မှာ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကျင်းပတဲ့ တော်လှန်လောင်းလုံး ရန်ပုံငွေဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း ၂၈ သင်းနဲ့ ကစားသမားဦးရေ ၄၀၀ ကျော် ပါဝင်ယှဥ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

3 weeks Ago

October 31, 2022

ထိုင်းရောက်မြန်မာများ၏ တော်လှန်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ကျင်းပမည်

ထိုင်းနိုင်ငံ၊ စူလတ်မြို့မှာ တော်လှန်လောင်းလုံးရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၆ ရက်မှာ စတင် ကျင်းပသွားမယ်လို့ လောင်းလုံးမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က သိရပါတယ်။

ရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို ဖန်ငါး၊ စူလတ်၊ နန်းစံ၊ ဒေါင်းစပ်၊ ခနို၊ ထက်ခမ်း၊ ထူးယိုင်၊ ဘန်ဝမ်း စတဲ့မြို့အသီးသီးက လာရောက်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး နဂိုစုဖွဲ့မှုရှိပြီးသား အသင်းတွေ ပါဝင်သလို တော်လှန်ရေးအတွက် အခုမှ စုဖွဲ့ပြီး တက်ကြွစွာပါဝင်လာတဲ့အသင်းတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူ တဦးက “လောင်းလုံးမြို့နယ်အတွင်း တော်လှန်ရေးလုပ်ငန်းတွေမှာ သုံးနိုင်ဖို့နဲ့ ကာကွယ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ ဒီဘောလုံးပြိုင်ပွဲကို ကျင်းပတာပါ။ ဒီပြိုင်ပွဲက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြား တော်လှန်ရေးနဲ့ပတ်သက်ပြီး ပိုမိုပူးပေါင်းပါဝင်လာစေဖို့ အထောက်ကူဖြစ်စေမယ်”လို့ ပြော ပါတယ်။

အသင်း တသင်းမှာ ၁၅ ဦး ပါဝင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပြီး ပြိုင်ပွဲကို ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ဘောလုံးအသင်းပေါင်း ၂၈ သင်း၊ လူဦးရေ ၄၂၀ က ပါဝင်ယှဥ်ပြိုင်မယ့်ပွဲလည်း ဖြစ်ပါတယ်။

ဂုဏ်ပြုဆုအနေနဲ့ အကောင်းဆုံး ၄ သင်းကို စီစဉ်ပေးထားကာ ပ/ဒု/တ ရတဲ့အသင်းတွေကို ဖလားနဲ့ဆွဲပြား၊ စတုတ္ထရတဲ့အသင်းကို ဖလားပေးအပ်သွားမှာဖြစ်ပြီး တယောက်ချင်းအနေနဲ့ အကောင်းဆုံးဂိုးသမားဆု၊ ဂိုးသွင်းအများဆုံးဆုနဲ့ ပွဲစဉ်တလျှောက်အကောင်းဆုံးဆုတွေကို ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

အရင်က တော်လှန်ရေးရန်ပုံငွေအတွက် လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တော်လှန် လောင်းလုံး ကျပ်သိန်း ၁၀၀ ရန်ပုံငွေ ကမ်ပိန်းလုပ်ခဲ့ပေမဲ့ အခုလို ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ကျင်းပတာဟာ ပထမဆုံးဖြစ်ပါတယ်။

1 month Ago
More News
Up