တောင်ကိုရီးယားမှာ မေ ၁၇ ရက်မှာ ကစားခဲ့တဲ့ ဂွန်ဂျူးအသင်းနဲ့ ပွဲစဉ်မှာ လိင်ဖျော်ဖြေရေးအရုပ်တွေ (sex dolls)တွေကို ကွင်းထဲ မှားယွင်း နေရာချထားခဲ့မိတဲ့အတွက် ကေလိဂ်ကလပ် အက်ဖ်စီဆိုးလ်အသင်းက ပြန်တောင်းပန်ခဲ့ပါတယ်။
ဒီပွဲမှာ ဆိုးလ်အသင်းဟာ ၁ ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် မြက်ခင်းစိမ်းအပြင်ဘက်မှာတော့ သူတို့လုပ်ရပ်ဟာ တော်တော်လေးကို ပွဲဆူသွားစေခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဘောလုံးပွဲစင်တွေကို ပရိသတ်ဝင်ရောက်ခွင့် ပိတ်ပင်ထားချိန်မှာ ဆိုးလ်အသင်းဟာ လွတ်နေတဲ့ပွဲ ကြည့်စင်တွေမှာ လူအရုပ်တွေထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ တကယ်တမ်း ထားရှိတဲ့အချိန်မှာ လိင်ဖျော်ဖြေရေးအရုပ်တွေပါ ပါဝင်လာခဲ့ပြီး ဒါကို ပရိသတ်တွေကလည်း ချက်ချင်း သတိထားမိခဲ့ပါတယ်။
ဒီအမှားအယွင်းကြောင့် အသင်းဟာ ချက်ချင်းဆိုသလို ဝေဖန်ပြစ်တင်ခံနေရပြီး ဒီဖြစ်ရပ်ကြောင့် ကိုရီးယားနိုင်ငံဟာ နိုင်ငံတကာမှာ မျက်နှာပျက်စရာ ဖြစ်လာနိုင်တယ်လို့ တောင်ကိုရီးယား မီဒီယာတွေက ရေးသားကြပါတယ်။
အသင်းဘက်ကလည်း သူတို့ရဲ့မှားယွင်းမှုကို ချက်ချင်း ပြန်လည်တောင်းပန်ခဲ့ပြီးတော့ ဘာကြောင့် ဒီလိုမှားယွင်းမှုမျိုး ဖြစ်ခဲ့ရသလဲဆိုတာကိုလည်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
“ကျနော်တို့ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ မေ ၁၇ ရက်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ လူရုပ်တွေ အစားထိုးတပ်ဆင်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့အသင်းရဲ့ ပရိသတ်တွေကို တောင်းပန်ပါတယ်” လို့ ဆိုးလ်အသင်းက သူတို့ရဲ့အင်စတာဂရမ်မှာ ရေးသားထားပါတယ်။
“ကျနော်တို့ဟာ ဒီအရုပ်တွေကို Dalkom လို့ ခေါ်တဲ့ ကုမ္ပဏီတခုကနေ မှာယူခဲ့တာဖြစ်ပြီးတော့ ဒီအရုပ်တွေဟာ မလျော်ကန်တဲ့အရုပ်တွေ မဖြစ်စေဖို့ ကုမ္ပဏီနဲ့လည်း အကြိမ်ပေါင်းများစွာ အတည်ပြုပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီဘက်က ကျနော်တို့ မှာထားတဲ့အရုပ်တွေကို တခြားစီးပွားရေးလုပ်ငန်းတခုဆီ ပေးပို့ခဲ့ပြီးတော့သူတို့ကုမ္ပဏီနှစ်ခုအကြား အရုပ်တွေ အပြန်အလှန်ပေးဖို့ လဲလှယ်ချိန်မှာပဲ ကျနော်တို့ကွင်းမှာ တပ်ဆင်ရမယ့်အရုပ်တွေနေရာမှာ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း မသင့်တော်တဲ့အရုပ်တွေ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။”လို့လည်း အသင်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
11 months Ago