ဘောလုံးကမ္ဘာကို နှုတ်ဆက်သွားတဲ့ နတ်ဘုရား မာရာဒိုနာ

November 27, 2020

ဘောလုံးကမ္ဘာကို နှုတ်ဆက်သွားတဲ့ နတ်ဘုရား မာရာဒိုနာ (ဆောင်းပါး)

နို၀င်ဘာ ၂၅ ရက်က အာဂျင်တီးနားဘောလုံးပရိသတ်တွေနဲ့ ဘောလုံးကမ္ဘာအတွက် နှမြောတတ ယူကျုံးမရဖြစ်ခဲ့ရတဲ့နေ့ပါ။ ဘောလုံးသမိုင်းရဲ့ အကြီးကျယ် အခမ်းအနားဆုံး ဂန္ထ၀င်ကစားသမားတွေအထဲမှာ ထိပ်ဆုံးကနေသတ်မှတ်ခံထားရတဲ့ မာရာဒိုနာဟာ နှလုံးရောဂါနဲ့ နေအိမ်မှာပဲ ကွယ်လွန် သွားခဲ့ပါတယ်။ မာရာဒိုနာ ကွယ်လွန်သွားတဲ့သတင်းက ဘောလုံးနဲ့ သက်ဆိုင်သူ အားလုံးအတွက် ယူကျုံးမရဖြစ်ခဲ့ကြရပြီး ၀မ်းနည်းကြောင်း စကားသံတွေက တစ်ကမ္ဘာလုံးကို လွှမ်းသွားပါတယ်။ တကယ်တော့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက မာရာဒိုနာရဲ့ ကျန်းမာရေး အခြေအနေက အရေးပေါ် ခွဲစိတ်ကုသရခဲ့တဲ့အထိဖြစ်ခဲ့တာပါ။ ဦးနှောက်ထဲသွေးခဲခဲ့လို့ ခွဲစိတ်ကုသခဲ့ရာမှာ ပြန်လည် ကောင်းမွန်ခဲ့ပေမယ့် နေအိမ်ပြန်ရောက်ပြီး ရက်ပိုင်းအကြာမှာပဲ နှလုံးဖောက်ပြီး ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ မာရာဒိုနာလို့ ပြောလိုက်တာနဲ့ အမှတ်ရဆုံးဖြစ်ရပ်က ကမ္ဘာ့ဖလားမှာ သူရဲကောင်းဖြစ်ခဲ့တာလို့ ဆိုနိုင်တယ်။ ပြီးတော့ ဘောလုံးဘိုးအေ အင်္ဂလန်အသင်းဘက်ကို လက်နဲ့ ဂိုးသွင်းခဲ့တာနဲ့ အင်္ဂလန် ကစားသမား နောက်ခံလူတွေ ကျော်ဖြတ်ပြီး လှလှပပဂိုးသွင်းယူနိုင်ခဲ့တာတွေက ကမ္ဘာ့ဖလားသမိုင်းနဲ့ ဘောလုံးပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ အခုထက်တိုင်ပြောစမှတ်တွင်နေရဆဲပါ။  ပြီးတော့ မာရာဒိုနာရဲ့ ကွင်းပြင်ပဘ၀။ မူးယစ်ဆေးနဲ့အရက်၊ ပွဲပယ်ပြစ်ဒဏ်တွေက သူ့ရဲ့ဘ၀မှာ အမဲစက်တွေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘောလုံးသမားတစ်ယောက်အနေနဲ့ ကွင်းတွင်းစွမ်းဆောင်ရည်နဲ့ စိတ်ဓာတ်ပိုင်းက နတ်ဘုရား တစ်ပါး အနေနဲ့ ခိုင်းနှိုင်းလောက်ရတဲ့အထိဖြစ်ခဲ့တာပါ။ မက္ကဆီကိုမှာကျင်းပတဲ့ ၁၉၈၆ ကမ္ဘာ့ဖလားက မာရာဒိုနာကို သူရဲကောင်းဖြစ်စေခဲ့ပြီး ချန်ပီယံဆုဖလားအပြင် ရွှေဘောလုံးဆုပါ ရယူနိုင်ခဲ့တယ်။ အုပ်စုအဆင့်မှာ အီတလီ၊ ရှုံးထွက်အဆင့်တွေမှာ ဥရုဂွေး၊ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံအသင်းတွေကို ကျော်ဖြတ်ခဲ့ပြီး ဗိုလ်လုပွဲမှာ အနောက်ဂျာမနီကို ၃ ဂိုး ၂ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ ကလပ်အသင်းဘက်ကို ကြည့်ရင်လည်း ဘာစီလိုနာနဲ့ ဆုဖလားသုံးလုံးရယူနိုင်ခဲ့သလို နာပိုလီမှာ တော့ စီးရီးအေချန်ပီယံ ၂ ကြိမ်အပါအ၀င် သမိုင်း၀င်အောင်မြင်မှုတွေ ရယူပေးခဲ့ပါတယ်။ နောက်ချန်တိုက်စစ်မှူးနေရာနဲ့ ကွင်းလယ်တိုက်စစ်မှာ Free Role ကစားတဲ့ မာရာဒိုနာဟာ အဆုံးသတ်ဂိုးသွင်းယူမှုအပိုင်းအပြင် ဘောလုံးဆွဲယူပြေးနိုင်တဲ့ စွမ်းရည်၊ ပေးပို့မှုစွမ်းရည်နဲ့ ဖန်တီးမှု စွမ်းရည်တွေမှာ ကစားသမားတိုင်းရဲ့ စံပြ ဖြစ်ခဲ့ပါတယ်။ မာရာဒိုနာကို ဘောလုံးကျွမ်းကျင်မှုအရှိဆုံး ကစားသမားလို့  ပြိုင်ဘက်တွေနဲ့ ဘောလုံးကျွမ်းကျင်သူတွေက ထုတ်ဖော်ချီးကျူးခဲ့ဖူးပြီး အရပ် ၅ ပေ ၅ လက်မရှိတဲ့ ကြံ့ခိုင်တဲ့ခန္ဓာကိုယ်နဲ့သန်မာတဲ့ ခြေထောက် ၂ ချောင်း ပိုင်ဆိုင်သူလို့လည်း ချီးကျူးခံရ တဲ့သူပါ။ လျင်မြန်မှုရှိသလို ဘောလုံးနဲ့ပြေးနေရင်းတောင် အရှိန်ကို လိုအပ်သလို ထိန်းနိုင်တဲ့ စွမ်း ဆောင်ရည်ကြောင့် ပြိုင်ဘက် ခံစစ်ကစားသမားတွေနဲ့ ဂိုးသမားတွေအတွက် ကြောက်စရာအကောင်း ဆုံးတိုက်စစ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဘောလုံးနဲ့အတူ တစ်ပါတည်း ဆွဲယူပြေးနိုင်မှု အကောင်းဆုံးဖြစ်ပြီး ဒီခေတ်မှာတော့ မက်ဆီလိုက စားသမားဖြစ်တယ်လို့ ဟော်လန်ဂန္ထ၀င် ဂျိုဟန်ခရိုက်ဖ်က ချီးကျူးခဲ့ဖူးပါတယ်။ ဒါ့အပြင် အသင်းသားတွေ အပေါ်ဦးဆောင်မှုမှာလည်း ကွင်းတွင်း၊ ကွင်းပြင်မှာ အကောင်းဆုံး အသင်းခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ ၁၉၈၆ ကမ္ဘာ့ဖလား အသင်းဖော် ဂျော့ဗယ်ဒါနိုက ချီးကျူးခဲ့ဖူးပါတယ်။ နည်းစနစ်ပိုင်းလည်း ထူးချွန်ပြီး ကွင်းထဲက ပရိသတ်တွေကို မကြည့်ရှု မနေနိုင်အောင် ဆွဲဆောင်မှုရှိရှိ ကစားနိုင်သူလို့လည်း အာဂျင်တီးနားတိုက်စစ်မှူးဟောင်း ဘာတစ်စ်တူတာက ချီးကျူးဖူးပါတယ်။ လီယွန်နယ်မက်ဆီကိုယ်တိုင်ကတော့  နောက်ထပ်နှစ် သန်းချီတဲ့အထိ ဘောလုံးကစားခဲ့ရင်တောင် မာရာဒိုနာရဲ့ ခြေစွမ်းကို မီဖို့မပြောနဲ့ နီးစပ်ဖို့တောင်မဖြစ်နိုင်ဘဲ ထာ၀ရအကောင်းဆုံးကစားသမားဖြစ်တယ်လို့ ချီးကျူးခဲ့ဖူးပါတယ်။   ကွင်းပြင်ပမှာတော့ မူးယစ်ဆေးဝါးနဲ့ တားမြစ်ဆေးတွေသုံးစွဲမှုကြောင့် ကစားသမားဘ၀ကိုလည်း ထိခိုက်ခဲ့ ပါတယ်။ ၁၉၉၁ ခုနှစ်ကတည်းက စတင်ပြီး အားကစားသမားတွေအတွက် တားမြစ်ထားတဲ့ ဆေးသုံးစွဲခဲ့လို့ ၁၅ လ ပွဲပယ်ပြစ်ဒဏ်ချ မှတ်ခံရဖူးပါတယ်။ နာပိုလီအသင်းမှာရှိစဉ်ကတည်း သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ လူသတ်မှုတစ်ခုမှာ ပါ၀င်ပတ်သက်ခဲ့တယ်လို့ စွဲချက်အတင်ခံခဲ့ရဖူးပါတယ်။ ၁၉၉၄ ကမ္ဘာ့ဖလားကတော့ အရှက်ရဖွယ်ဖြစ်ခဲ့ပြီး တားမြစ်ဆေးကြောင့်ပဲ အိမ်ပြန်ပို့ခံခဲ့ရသလို ၁၅ လ ပွဲပယ်ပြစ်ဒဏ်ချမှတ် ခံခဲ့ရပါသေးတယ်။ ၁၉၉၇ ခုနှစ်မှာ တတိယအကြိမ်မြောက် တားမြစ်ဆေး စစ်ဆေးခံရပြီး ကျရှုံးခဲ့တာ သူ့ရဲ့ ကစားသမားဘ၀ကိုပါ အဆုံးသတ်စေခဲ့တာဖြစ်ပါတယ်။ အနားယူပြီး နောက်ပိုင်း ၂၀၀၀ ပြည့်နှစ်၀န်းကျင်အထိ မူးယစ်ဆေးဝါးနဲ့ အရက်ကြောင့် အရှက်ရ စရာတွေ လည်းဖြစ်ခဲ့ရပါသေးတယ်။ ကွင်းထဲမှာနဲ့ ကွင်းပြင်ပဘဝနေထိုင်မှုက ကွဲပြားခြားနားမှုတွေရှိခဲ့ပေမယ့် ကွင်းတွင်းခြေစွမ်း၊ စိတ်ဓာတ်နဲ့ အောင်မြင်မှုတွေကို မာရာဒိုနာ ဆိုတဲ့ နာမည်တစ်လုံးဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ မာရာဒိုနာရဲ့ငယ်ဘဝကိုပြန်ကြည့်မယ်ဆိုရင် ၁၆ နှစ်ပြည့်ဖို့ ၁ဝ ရက်အလိုမှာ စီနီယာအသင်းကြီး အာဂျင်တီးနော့စ်ဂျူနီယာအသင်းမှာ ပွဲထွက်ကစားနိုင်ခဲ့ပြီး ပွဲဦးထွက်မှာပဲ ဂန္ထဝင်ကစားသမား ဖြစ်နိုင်တဲ့သူလို့ ချီးကျူးခံခဲ့ရပါတယ်။ အာဂျင်တီးနော့စ်ဂျူနီယာမှာ ၁၉၇၆ ကနေ ၁၉၈၁ ခုနှစ်အထိ ၅ နှစ်ကြာကစားခဲ့ပြီး ၁၆၇ ပွဲမှာ ၁၁၅ ဂိုး အထိသွင်းယူနိုင်ခဲ့တယ်။ သူ့အသက် ၁၆ နှစ်အရွယ် ၁၉၉၇ ခုနှစ် ကတည်းက အာဂျင်တီးနားလက်ရွေးစင်ဖြစ်ခဲ့ပြီး ၁၉၇၇ ဖေဖော်ဝါရီ ၂၇ ရက်မှာ ကစားခဲ့တဲ့ ဟန်ဂေရီနဲ့ပွဲက လက်ရွေးစင်အသင်းအတွက် ပထမဆုံးပွဲစဉ်ဖြစ်ခဲ့တယ်။ လူငယ်ကြယ်ပွင့်ကစားသမားဖြစ်ခဲ့တဲ့ မာရာဒိုနာဟာ ၁၉၈၁ ခုနှစ်မှာ  ပြိုင်ဘက် ဘိုကာဂျူနီယာအသင်းကို ကန်ဒေါ်လာ ၄ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး တစ်ရာသီသာကစားခဲ့ပေမယ့် ပွဲ ၄ဝ မှာ ၂၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တယ်။ ၁၉၇၈ ကမ္ဘာ့ဖလားပွဲကို မီခဲ့ပေမယ့် အသက်ငယ်ရွေးသေးတာကြောင့်ဆိုပြီး ချန်လှပ်ခံခဲ့ရတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ၁၉၇၉ လူငယ်ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံဆုဖလားရယူနိုင်ခဲ့သလို ၆ ပွဲမှာ ၆ ဂိုးသွင်းခဲ့လို့ ကမ္ဘာ့ဘောလုံးစင်မြင့်ပေါ်မှာ ထင်ပေါ်လာခဲ့ပါတယ်။ ၁၉၈၂ စပိန် ကမ္ဘာ့ဖလားမှာတော့ ပထမဆုံးအကြိမ် ပါဝင်ကစားခဲ့ပြီး အီတလီနဲ့ ဘရာဇီးအသင်းတွေကို ရှုံးနိမ့်ခဲ့လို့ ဒုတိယအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဘာစီလိုနာကွင်းမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားမှာ မာရာဒိုနာရဲ့ ခြေစွမ်းခြေစကို မြင်ခဲ့တဲ့ ဘာစီလိုနာအသင်း တာဝန်ရှိသူတွေဟာ ကမ္ဘာ့ဖလား အပြီးမှာပဲ မာရာဒိုနာကို အဲဒီအချိန်တုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၅ သန်းနဲ့ ခေါ်ယူစာချုပ်ခဲ့ပါတယ်။  ဘာစီလိုနာမှာ၂ ရာ သီကြာ ကစားခဲ့ပြီး  ဒဏ်ရာပြဿနာတွေကြုံခဲ့ရပေမယ့် ကစားခွင့်ရတဲ့ ၃၆ ပွဲမှာ ၂၂ ဂိုး သွင်းယူ နိုင်ခဲ့တယ်။ အသင်းနဲ့အတူ  ဆုဖလားသုံးလုံးရယူနိုင်ခဲ့ပြီး ၁၉၈၄ ခုနှစ်မှာ အီတလီကလပ် နာပိုလီဆီ စံချိန်တင်ပြောင်ရွှေ့ကြေးဖြစ်တဲ့  ပေါင် ၆ ဒသမ ၉သန်းနဲ့ ပြောင်း ရွှေ့ ခဲ့တယ်။  အဲဒီအချိန်က အီတလီလိဂ်မှာ  မြောက်ပိုင်းနဲ့ အလယ်ပိုင်းအသင်းတွေပဲ ချန်ပီယံဖြစ်ဖူးပြီး အီတလီကျွန်းဆွယ်တောင်ပိုင်းအသင်းတွေက မျက်နှာငယ်နေရချိန်ဖြစ်တယ်။ တောင်ပိုင်းကလပ် နာပိုလီမှာတော့ မာရာဒိုနာရဲ့ အကောင်းဆုံး ခြေစွမ်းရခဲ့ပြီး  ၁၉၈၆-၈၇ ဘောလုံးရာသီမှာ အသင်းအတွက် ပထမဆုံးအကြိမ် စကူဒက်တို ချန်ပီယံဆုဖလားရယူပေးခဲ့ပါတယ်။ ၁၉၈၉-၁၉၉၀ မှာ နာပိုလီအတွက် ဒုတိယအကြိမ်မြောက် ချန်ပီယံ ဆုဖလားရယူနိုင်ခဲ့ပြီး စုစုပေါင်း ဆုဖလား ၅ လုံးရယူပေးခဲ့ပါတယ်။ နာပိုလီမှာကစားနေစဉ် ၁၉၈၆ ကမ္ဘာ့ဖလားကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့ပြီး မက္ကဆီကို မြေမှာ အနောက်ဂျာမနီကို အနိုင်ယူကာ အာဂျင်တီးနားကို ဒုတိယအကြိမ် မြောက် ကမ္ဘာ့ချန်ပီယံ ဖြစ်စေခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၀ ကမ္ဘာ့ဖလားမှာလည်း အသင်းခေါင်းဆောင်အနေနဲ့ အာဂျင်တီးနားကို ဆက်လက်ဦးဆောင်ခဲ့ပြီး ဗိုလ်လုပွဲမှာ အရင်နှစ်က ပြိုင်ဘက် အရှေ့ဂျာမနီနဲ့ တွေ့ဆုံရာမှာ ၈၅ မိနစ်မှာပေးလိုက်ရတဲ့ ပင်နယ်တီဂိုးနဲ့ ရှုံးနိမ့်ပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။  ၁၉၉၂ ခုနှစ်မှာ နာပိုလီကနေ ထွက်ခွာခဲ့ပြီး စပိန်ကလပ် ဆီဗီလာအသင်းဆီကို တစ်ရာသီသွားကစားခဲ့ပါသေးတယ်။ အဲဒီနောက် ၁၉၉၃-၉၄ ရာသီမှာ အာဂျင်တီးနားကလပ် နယူးဝဲလ်စ်အိုးဘွိုင်းအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ နိုင်ငံအသင်းနဲ့အတူ အမေရိကန်မှာကျင်းပတဲ့ ၁၉၉၄ ကမ္ဘာ့ဖလားမှာ ဆက်လက်ပါဝင်ခဲ့ပြီး ၂ ပွဲသာ ကစားခဲ့ရတယ်။ ဂရိနဲ့ ပွဲမှာ တစ်ဂိုးသွင်းခဲ့ပြီးနောက် တားမြစ်ဆေးသုံးဆွဲတာ စစ်ဆေးတွေ့ရှိလို့  အိမ်ပြန်ပို့ခံရတဲ့အထိ ဖြစ်ခဲ့ပြီး ပြိုင်ပွဲလူစာရင်းကနေ နုတ်ထွက်ခဲ့ရပါတယ်။ အသင်းကတော့ ၁၆ သင်း အဆင့်အထိ တက်ခဲ့ပေမယ့် ရိုမေးနီးယားကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။ ကမ္ဘာ့ဖလားအပြီးမှာတော့ မွေးရပ်မြေကိုပြန်သွားခဲ့ပြီး ၁၉၉၅ ကနေ ၁၉၉၇ အထိ ဘိုကာဂျူနီယာမှာ ကစားရင်း ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။ မာရာဒိုနာဟာ နည်းပြဘဝအနေနဲ့ ၁၉၉၄ ကတည်းက ပြည်တွင်းအောက်တန်းလိဂ်ကလပ် ဒီပို့တီဗိုကို ကိုင်တွယ်ခဲ့ပြီး၊ ရေးဆင်းအသင်းကိုလည်း ကိုင်တွယ်ခဲ့ပါသေးတယ်။ ၂၀၀၈ ခုနှစ်မှာ အာဂျင်တီးနားလက်ရွေးစင်အသင်းကို ကိုင်တွယ်ခွင့်ရခဲ့ပြီး တောင်အာဖရိက ကမ္ဘာ့ဖလားမှာ နည်းပြချုပ်တစ်ဦးအနေနဲ့  ဦးဆောင်ခွင့်ရခဲ့ပေမယ့် ကွာတားဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အဲဒီ နောက် ၂၀၁၁ခု နှစ်မှာ ယူအေအီးကလပ် အယ်ဝါလ်အသင်းကို ကိုင်တွယ်ခဲ့ပြီး မကွယ်လွန်ခင်အထိ အာဂျင်တီးနားအဆင်မြင့်ဆုံးလိဂ်က CGE အသင်းမှာ နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ၀ဏ္ဏကို  
5 months Ago
Up