ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တော မြို့နယ်တွေမှာ သြဂုတ် ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွား ပြင်းထန်လာခဲ့ပြီး ဒေသခံတွေ ပိုမိုထွက်ပြေးလာနေကြပါတယ်။
လုံခြုံစိတ်ချရမယ်လို့ ထင်တဲ့နေရာတွေနဲ့ မြို့ပေါ်ကို တိမ်းရှောင်နေကြပြီး အမြန်ရေယာဉ်တွေနဲ့ စစ်တွေမြို့ကို ထွက်ခွာသူတွေလည်း များလာနေပါတယ်။
ရွှေပြည်တန် အမြန်ရေယာဉ်ကိုယ်စားလှယ် ဦးညီညီက "ဒီနေ့ ကျနော်တို့ ရွှေပြည်တန်က သင်္ဘော ၂ စီး ထွက်ပေးရတယ်။ ၁ စီးမှာ ၂၉၀ လောက်ပါသွားတယ်။ နောက်၁ စီးမှာ ၂၀၀ ကျော်ပါသွားတယ်။ မနေ့က မောင်တောနယ်က ကားအစီးသုံးဆယ်လောက်နဲ့ လာပြီး ဘူးသီးတောင်မှာ သောင်တင်နေကြတဲ့သူတွေပါ။ ပညာရေးဌာနက ဆရာ ဆရာမတွေ များပါတယ်" လို့ ပြောပါတယ်။
စစ်တွေကို တိမ်းရှောင်သူ အများစုဟာ နယ်ဝေးက လာရောက် တာဝန်ထမ်းဆောင်သူတွေဖြစ်ပြီး ဆက်နေဖို့ လုံးဝမဖြစ်နိုင်လို့ ကိုယ့်အစီအစဉ်နဲ့ ထွက်လာတာလို့ ပြောကြပါတယ်။
တိမ်းရှောင်လာတဲ့ ဆရာမဒေါ်အေးမြသူဇာက "၀ိုင်းထားတယ်ကြားလို့ စခန်းထဲကို ရွှေ့နေကြတယ်။ နောက်ပိုင်း ရွာသားတွေ ပြေးလာကြတယ်။ ဘာလို့လဲဆိုတော့ ကုလားတွေ အုံလိုက်တက်လာတယ် ပြောတယ်။ နောက်နေ့ သေနတ်သံတွေ၊ လက်နက်ကြီးတွေနဲ့ သူတို့တွေ ဖောက်နေကြတယ်။ စစ်သားတွေက ခံပစ်တာလောက်ပဲ ရှိတယ်" လို့ ပြောပါတယ်။
ဘူးသီးတောင်နဲ့ မောင်တောမြို့ပေါ်က ဓမ္မာရုံ၊ ဘုန်းကြီးကျောင်း၊ တပ်ရင်းတပ်ဖွဲ့တွေ၊ အစိုးရရုံး ဌာနတွေမှာ လာရောက်ခိုလှုံနေသူ ၃၀၀၀ နီးပါးအထိရှိလာနေပြီလို့လည်း ကူညီ ကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - ကိုအောင်
5 years Ago