ဘူးသီးတောင်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားပြီး ရွာသား ၁ ဦးသေ၊  ၃ ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရ

November 8, 2019

ဘူးသီးတောင်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားပြီး ရွာသား ၁ ဦးသေ၊  ၃ ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရ 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်​ရွာနဲ့ ဖုံညိုလိပ်ရွာတွေအနီး  နို၀င်ဘာ ၆ ရက်နဲ့ ၇ ရက်မှာ တိုက်ပွဲဖြစ်ပွားရာမှာ ရွာသား ၁ ဦးသေဆုံးပြီး ၃ ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရတယ်လို့ ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က အတည်ပြုပြောပါတယ်။

"ဖုံညိုလိပ်က အရပ်သားတဦး ကျည်ထိပြီး သေဆုံးသွားတာ မှန်ပါတယ်။ မနေ့က တိုက်ပွဲ မှာတော့ နေအိမ်တချို့ မီးလောင်တာရှိတယ်။ ဒဏ်ရာရသူ နှစ်ဦးကိုတော့ ဆေးရုံတင်ထားရတယ်။ ကလေးငယ်တဦးကတော့ ကြောက်လန့်ပြီး သတိလစ်နေတာပါ"

နို၀င်ဘာ ၇ ရက်နေ့က ဘူးသီးတောင်ဆေးရုံယူဆောင်လာစဉ် သေဆုံးသွားသူမှာ ဖုံညိုလိပ်ကျေးရွာ ရပ်ကွက် ၁၂ က  ချောင်ချူအာလောင် (၄၅ နှစ်) ဖြစ်ပြီး သားသမီး ၇ ဦး ရှိတယ်လို့ သိရပါတယ်။

နို၀င်ဘာ ၆ ရက်နေ့ တိုက်ပွဲကြောင့် ဒဏ်ရာရှိသူတွေတွေကတော့  ဦးမာမတ်ဇော်လိလ် (၃၂ နှစ်)၊ ဒေါ်ရှုးနားဘာနူ (၄၅ နှစ်)နဲ့ အသက် ၂ နှစ် နို့စို့ အရွယ်ရာဘီယာဘော်ဆောရီးတို့ဖြစ်ပြီး ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။

နိုဝင်ဘာ ၆ ရက်မွန်းလွဲ ၂ နာရီမှာ စိုင်းဒင်တံတားပေါ်မှာ တပ်မတော်နဲ့  အေအေတို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး နိုဝင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းကနေ ညနေပိုင်းအချိန်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

 

တိုက်ပွဲမှာ နှစ်ဖက်တပ်ဖွဲ့တွေ ထိခိုက်သေဆုံးဒဏ်ရာရမှုအခြေအနေကို မသိရသေးပေမယ့် သရက်ပြင်ကြေးရွာနဲ့ ဖုံညိုလိပ်ကျေးရွာတွေက ရွာသားတွေကတော့ စစ်ဘေးရှောင် ထွက်ပြေးနေ ကြရပါတယ်။

2 years Ago
Up