ဘူးသီးတောင်မြို့နယ်

May 30, 2022

ဘူးသီးတောင်မြို့နယ် ညောင်ချောင်းစျေးမီးလောင်၊ ကျပ်သိန်းထောင်ချီဖိုး ပျက်စီးဆုံးရှုံး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ညောင်ချောင်းစျေး မေ ၃၀ ရက် မနက် ၂ နာရီ လောက်မှာ မီးလောင်မှုဖြစ်ခဲ့ပြီး စျေးဆိုင်ခန်း ၂၆ လောက်နဲ့ ကုန်တန်ဖိုး ကျပ် သိန်း ၁၀၀၀ ကျော်ဖိုးလောက် ဆုံးရှုံးသွားတယ်လို့ စျေးတာဝန်ရှိသူတွေနဲ့ ဈေးသည်တွေထံက သိရပါတယ်။

ညောင်ချောင်းကျေးရွာဒေသခံစျေးဆိုင်ပိုင်ရှင်တဦးက “မီးလောင်တဲ့ဆိုင်တွေက ဆန်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေ ၂၀ လောင်ပါသွားတယ်။ ပန်းပဲဆိုင်က ၆ ဆိုင်၊ ဆုံးရှုံးမှု တန်ဖိုးက အားလုံးသိန်း တစ်ထောင်ကျော်နိုင်တယ်။ ကုန်စုံဆိုင်နဲ့ ဆန်ဆိုင်တွေက ဆုံးရှုံးမှု များမယ်”လို့ ပြောပါတယ်။

စျေးမီးလောင်မှုမှာ ဒီမနက် ၂ နာရီကျော်လောက်မှာ စတင် မီးလောင်တာဖြစ်ပြီး ခရီးဝေးတဲ့ အတွက် မီးသတ်ကားအချိန်မီ မရောက်နိုင်တာကြောင့် အနီးအနားရှိ ကျေးရွာတွေက ကိုယ်ထူကိုယ်ထ ဝိုင်းဝန်း မီးငြှိမ်းသတ်လိုက်ကြတာကြောင့်  မနက်အာရုံ ၃ နာရီကျော်မှာ မီးငြိမ်းသွားပါတယ်။

“ဘူးသီးတောင်က မီးသတ်ကားတွေ ရောက်လာဖို့ နာရီဝက်လောက် ကြာနိုင်တယ်။ အားလုံး ရွာသူ ရွာသားတွေ ဝိုင်းဝန်းပြီး မီးငြှိမ်းနိုင်ခဲ့တာ။ မဟုတ်ရင် တဈေးလုံး ပါသွားမှm” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဘူးသီးတောင်မြို့နဲ့ ညောင်ချောင်းကျေးရွာဟာ ၁၂ မိုင်ကွာဝေးတာကြောင့် မီးသတ်ကားတွေ အချိန်မီ ရောက်မလာနိုင်ခဲ့ဘူးလို့ ဒေသခံတွေထံက ပြောပါတယ်။

လက်ရှိမီးလောင်မှုဖြစ်ရသည့်အကြောင်းအရင်းကို ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးနေ​တယ်လို့  မောင်တောခရိုင် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

ညောင်ချောင်းဈေးမှာ ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ရှိပြီး ကျေးရွာပေါင်း ၁၀ လောက်က ဒေသခံတွေ မှီခို စျေးရောင်းချနေကြရတဲ့ စံပြဈေးတဈေးလည်း ဖြစ်ပါတယ်။

6 months Ago

January 12, 2022

အကူအညီလိုအပ်နေသည့် ဘူးသီးတောင်မြို့နယ်က စစ်ဘေးရှောင်များ (ဓာတ်ပုံ)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်ရှိ လမ်းမကျောင်းစစ်ဘေးရှောင်စခန်းမှာ လာရောက်လှူဒါန်းသူတွေ  မရှိသလောက်ဖြစ်နေပြီး ဒုက္ခသည်တွေအတွက် အကူအညီတွေ လိုအပ်နေကြောင့် စစ်ဘေးရှောင်တွေက ပြောပါတယ်။

''အစိုးရဆီက ဆန်တစ်ခုတည်းပဲထောက်ပံ့ပါတယ်။ အခုဘယ်ကမှလာလှူကြတာမရှိပါဘူး။ အဓိက မီးဖိုချောင်သုံး ပစ္စည်းတွေလိုအပ်နေပါတယ်။''လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

အဆိုပါစစ်ဘေးရှောင်စခန်းမှာ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှ စစ်ဘေး တိမ်းရှောင်လာသူ လူဦးရေ ၁၃၅၁ ဦး၊ အိမ်ထောင်စု ၃၃၃ စု ခိုလှုံနေထိုင်နေကြတာ ဖြစ်ပါတယ်။

''ခုနောက်ပိုင်းစားဝတ်နေရေးက တအားခက်ခဲလာပါတယ်။ အရင်လိုလာလှူကြတာတွေ လည်းမရှိတော့ပါဘူး။ အစိုးရဘက်ကထောက်ပံ့တာက မလုံလောက်ပါဘူး။ အကူအညီတွေက အများကြီး လိုအပ်ပါတယ်။'' လို့  စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဆိုပါစခန်းအပါအဝင် ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွေကို ပြင်ပအလှူရှင်တွေ ၊INGOတွေနဲ့ သတင်း ထောက်တွေ လာရောက်ပါက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဖုန်းဆက်အကြောင်းကြားဖို့ ရဲစခန်းတာဝန်ရှိသူတွေက ပြောထားတယ်လို့ သိရပါတယ်။

ဒီလို ညွှန်ကြားထားလို့ အလှူရှင်တွေ လုံးဝရောက်မလာတော့ဘဲ ဒုက္ခသည်တွေအတွက် အကူအညီတွေရဖို့  ပိုမိုခက်ခဲလာတယ်လို့လည်း  စစ်ဘေးရှောင်တွေက ပြောပါတယ်။

 By Kaung Mrat Naing / MPA

11 months Ago
More News
Up