ဘူးသီးတောင်တွင် လက်နက်ကြီးကျည်ကျပြီး လူ ၃ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

February 13, 2020

ဘူးသီးတောင်တွင် လက်နက်ကြီးကျည်ကျပြီး လူ ၃ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာအုပ်စု၊ ရေချမ်းပြင် ကျေးရွာမှာ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၃ နာရီလောက်က လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာကြောင့် သုံးယောက်သေဆုံးခဲ့ပြီး နှစ်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာသားတွေ က ပြောပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့နေအိမ်ဟာ ရေချမ်းပြင်ကျေးရွာက ဦးဆီရော်ဒိန် နေအိမ်ဖြစ်ပြီး သူ့ဇနီးအပါအဝင်သားတဦးနဲ့ မြေးတဦးတို့ သေဆုံးခဲ့တာလို့ ရေချမ်းပြင်ကျေးရွာတာဝန်ခံ အဒူဆလင်က ပြောဆိုပါတယ်။

“သူတို့က ထမင်းစားဖို့လုပ်နေတာ၊ အဲ့ဒီမှာ လက်နက်ကြီးက အိမ်ကိုလာကျတာ၊ နေရာမှာ နှစ်ယောက်သေတယ်။ ဆေးရုံမှာတယောက်သေတယ်။ ဒဏ်ရာရတာ နှစ်ယောက်ရတယ်။ ကျနော်တို့ရွာကလူတွေကတော့ အကုန်ကြောက်လန့် နေကြတယ်။ နောက်ထပ်ပြီးတော့ လက်နက်ကြီးကျမလားဆိုတာကို”လို့ပြောပါတယ်။

ရေချမ်းပြင်ကျေးရွာက အမည်မဖော်လိုတဲ့ ကျေးရွာလူကြီးတဦးက “ကျနော်တို့ နောက်ထပ် ကျေးရွာကို လက်နက်ကြီးကျမှာ စိုးရိမ်ပါတယ်။ အခုကလေးတွေဆိုရင် အကုန်ကြောက်လန့်နေ ကြပြီ၊ ကျနော်တို့နဲ့ မနီးမဝေးမှာလည်း စိုင်းဒင်တံတားဆိုတာ ရှိတယ်။ အဲ့ဒီမှာတပ်ကနေရာ ယူတပ်စွဲထားတာရှိတယ်။ နယ်ခြားစောင့်လည်း ရှိတယ်။ ကျနော်တို့ရွာက လူတွေ အကုန်စိုးရိမ်နေကြတယ်။”လို့ ပြောပါတယ်။

သေဆုံးသူတွေကတော့ ဦးဆီရော်ဒိန်ရဲ့ ဇနီး အသက် ၄၇ နှစ်အရွယ်နဲ့ သားဖြစ်သူ အသက် ၁၇ နှစ်အရွယ်တို့သေဆုံးခဲပြီး မြေးဖြစ်သူ ၁ နှစ်အရွယ် မိန်းကလေးကတော့ ဘူးသီးတောင်ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ကျေးရွာသားတွေကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ အခုရက်ပိုင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး လက်နက်ကြီးကျည်ကျလို့ အရပ်သားတွေသေဆုံး၊ ထိခိုက်ဒဏ်ရာရတာ များပြားလာနေပါတယ်။

အခုကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို မေးမြန်ရာ သူတို့ဘက်က ပစ်တာမဟုတ်ဘဲ  တပ်မတော်ဘက်က ပစ်ခတ်တာဖြစ်တယ်လို့ စွပ်စွဲပြောဆိုပါတယ်။

 

ဒီလိုစွပ်စွဲပြောဆိုချက်နဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဖုန်းဆက်သွယ်ခဲ့ရမှာ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

1 year Ago
Up