ဘူးလက်လှဆွေ

December 28, 2020

ရဲစခန်းတွင် လာအဖမ်းခံခဲ့သည့် ဘူးလက်လှဆွေကို ရာဇဝတ်ကြီးအမှု ပြောင်းလဲဖွင့်လှစ်

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဘူးလက်လှဆွေလို့ လူသိများတဲ့ ဦးလှဆွေဟာ ဒီဇင်ဘာ ၂၈ ရက် ဒီနေ့မနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးကို လာရောက်အဖမ်းခံခဲ့တယ်လို့  အနောက်ပိုင်းခရိုင်တရားရုံးကနေ  သိရပါတယ်။ အခုလို လာရောက်အဖမ်းခံခဲ့တဲ့အတွက် အရင်က တရားခံပြေးအဖြစ် ရာဇဝတ်အထွေထွေ အမှုအမှတ် ၆၉/ ၂၀၁၉ကနေ ရာဇဝတ်ကြီးအမှုအမှတ် ၁၃၀/၂၀၂၀ အဖြစ် အမှုပြောင်းလဲ ဖွင့်လှစ်ထားတယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး သတင်းမီဒီယာပြန်ကြားရေးမှူးက ပြောပါတယ်။ ဦးလှဆွေ (ခ) ဘူးလက်လှဆွေဟာ ဝရမ်းပြေးအဖြစ် တစ်နှစ်ကျော်ကြာထွက်ပြေးတိမ်းရှောင်နေရာကလာရောက်အဖမ်းခံခဲ့တဲ့အတွက် သူ့ကို  ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ ရမန်နှစ်ပတ်ယူကာ  ရဲတပ်ဖွဲ့က အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပါတယ်။ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ၂၀၁၉ ခုနှစ် သြဂုတ်  ၃ ရက်က ပြုလုပ်တဲ့ တပ်မတော်ထိပ်တန်းအရာရှိတွေကို အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့တဲ့ ဆန့်ကျင်ကန့်ကွက်ပွဲမှာ နိုင်ငံတော်အကြီးအကဲတွေအပေါ်သွယ်ဝိုက် ပြစ်တင်ပြောဆိုခဲ့တဲ့အတွက် ဦးလှဆွေကို  နိုင်ငံတော်အကြည်အညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နဲ့ ကျောက်တံတားမြို့နယ် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က တရားလိုပြုလုပ်ပြီး သြဂုတ် ၇ ရက်က ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။  တရားစွဲဆိုခံရပြီး လေးလကျော်အကြာမှာ  ဦးလှဆွေက လာရောက်အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး လာမယ့် ၂၀၂၀ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရှေ့နေပါဝါတင်ဖို့ ရုံးချိန်း ချိန်း ဆိုထားပါတယ်။ 
6 months Ago

June 23, 2020

တရားခံပြေး ဦးဝီရသူနှင့် ဘူးလက်လှဆွေတို့ကို ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်

တရားခံပြေးအဖြစ် ကြေညာခံထားရတဲ့  ဦးဝီရသူနဲ့ ဘူးလက်လှဆွေတို့ကို ဘယ်နေရာမှာမဆို ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်ဖို့ ရဲစခန်းမှတ်ပုံတင် ၃၃ အရ ညွှန်ကြားထားတယ်လို့ ရဲဗိုလ်ချုပ်မျိုးဆွေဝင်းက ပြောပါတယ်။ ဇူလိုင် ၂၂ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ အစိုးရလေးနှစ်တာကာလ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာပါ။ ဒီအမှုဟာ ရဲအရေးပိုင်တဲ့အမှု မဟုတ်ပေမဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄ တတိယအပိုဒ်အရ ဘယ်ရဲတပ်ဖွဲ့မဆို ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်တယ်လို့ ဆိုပါတယ်။ ရုရှားလူမှုကွန်ရက်စာမျက်နှာ VK  မှာ သူတို့နဲ့ပတ်သက်ပြီး တက်လာတဲ့ သတင်းအချက်အလက်တွေကို စစ်ဆေးလိုက်တဲ့အခါမှာ အတုအယောင်တွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့နဲ့ပတ်သက်တဲ့သတင်းတွေကို သက်ဆိုင်ရာရဲတပ်ဖွဲ့ကို တိတိကျကျ ပေးလာတဲ့အခါမှာ ဖမ်းဆီးဆောင်ရွက်ပြီး သက်ဆိုင်ရာတရားရုံးကို ပို့ပေးဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ရဲမှူးကြီး ကျော်လင်းကလည်း ပြောပါတယ်။ ရန်ကုန်နဲ့မြိတ်မြို့မှာ ကျင်းပခဲ့တဲ့ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး ဟောပြောပွဲတွေမှာ ဦးဝီရသူရဲ့ ဟောပြောချက်တွေဟာ နိုင်ငံတော်အကြီးအကဲတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ဦးဝီရသူကို ပုဒ်မ ၁၂၄ (က) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်၊ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားလို ပြုလုပ် တရားစွဲထားတာ ဖြစ်ပါတယ်။ ဦးဝီရသူက အဖမ်းမခံဘဲ  ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် အမှုကို မျက်ကွယ်မှာ စစ်ဆေးနေသလို  ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်မှာ သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ချိပ်ပိတ်ဝရမ်းကပ်ဖို့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ထားတာပါ။ ဦးဝီရသူနဲ့  ဦးလှဆွေတို့ကို  အမှုဖွင့်တိုင်ကြားထားပေမဲ့ ခုချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးတဲ့ အပေါ်  သတင်းမီဒီယာတွေက မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။
12 months Ago
Up