ဘူဂါတီကုမ္ပဏီ

October 10, 2015

ပြိုင်ဘက်ကင်း လေခွင်းအားနှင့် တုံ့ဆွဲအားလျှော့ချစနစ်ပါသည့် ပြိုင်ကား (ရုပ်သံ)

ဒါကတော့ ၆၆ ကြိမ်မြောက် ဖရန့်ဖာ့တ်ကားပြပွဲမှာ ပွဲထုတ်ခဲ့တဲ့ ဘူဂါတီကုမ္ပဏီရဲ့ နောက်ဆုံးထုတ် ပြိုင်ကားလေးဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမော်ဒယ်မျိုးက ကမ္ဘာမှာ သူတစီးတည်းပဲ ရှိတာပါ။ ဘူဂါတီကုမ္ပဏီက ဂိမ်းရုံတွေမှာ ကစားတဲ့ ဂိမ်းသမားတွေအတွက် သီးသန့်ဖန်တီးထားတဲ့ ပြိုင်ကားကို ပွဲထုတ်ချင်တာကြောင့် ဒီလို ခေတ်လွန်ကားကို တည်ဆောက်ခဲ့တာပါ။ ဗီးရှင်းဂရန်တာရစ္စမိုလို့ခေါ်တဲ့ ဒီကားဟာ လူတိုင်းအဖို့ ဘူဂါတီ ကုမ္ပဏီထုတ် ကားတစီးကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးပါပဲ။ ဂရန်တာရစ္စမို ဗွီဒီယိုဂိမ်းကုမ္ပဏီက တီထွင်သူတွေနဲ့တွဲဖက်ပြီး ဘူဂါတီ ဒီဇိုင်းပညာရှင်အဖွဲ့ဟာ တကယ့်ကားအစစ်နဲ့ မခြားတဲ့ တုပရုပ်မြင်ကားတစီးကို ဖန်တီးတည်ဆောက်ချင်ခဲ့တာပါ။ "ကျနော်တို့က တွေ့နေကျ သိပ္ပံစိတ်ကူးယာဉ်ကားမျိုးကို ဖန်တီးချင်တာ မဟုတ်ပါဘူး။ ဘူဂါတီကုမ္ပဏီရဲ့ ထုံးစံအတိုင်း လေခွင်းအား သုတေသနတွေ၊ အင်ဂျင်နီယာတန်ဖိုးတွေကို အခြေခံထားပြီး နည်းပညာမြင့်မားသလောက် သိပ်ကို အနုစိတ်ကျအောင် ချဉ်းကပ် ဖန်တီးချင်တာပါ။ လှုပ်ရှားဆောင်ရွက်တဲ့ အစိတ်အပိုင်းတွေ ဆိုရင်လည်း လှုပ်ရှားမှုနဲ့ လိုက်ဖက်မယ့် တည်ဆောက်ပုံကို အတိအကျ ဒီဇိုင်းထုတ်ထားတာပါ။" ဘူဂါတီကုမ္ပဏီထုတ် ဗီရွန်စီးရီးဆိုရင်လည်း စီးရေ ၄၅၀ သာ ထုတ်လုပ်ပြီး ယူရို ၁ သန်း ဈေးဖွင့်ရောင်းချခဲ့တာ ခုဆို တစီးမကျန် ရောင်းကုန်သွားပါပြီ။ အခု ဗီးရှင်းဂရန်တာရစ္စမို ခေတ်လွန်ကားဟာ နောင်ထုတ်မယ့် ပြိုင်ကားမှာ ဘာတွေပါလာမလဲဆိုတဲ့ သဲလွန်စတခုပဲလို့ သူတို့က ဆိုပါတယ်။ "ဒီကားက ခမ်းနားတဲ့ အနာဂတ်ဘ၀နေဟန်ကို ထင်ဟပ်ပေးပါတယ်။ ဘူဂါတီကုမ္ပဏီရဲ့ ကားပုံစံသစ်ကို သရုပ်ဖော်ထားတာပါ။ ဘူဂါတီရဲ့ နောင်ထုတ်မယ့် မော်ဒယ်တွေမှာ ဘယ်လိုအင်္ဂါရပ်တွေ ပါလာမလဲဆိုတာကို ထောင့်ပေါင်းစုံကနေ ထုတ်ပြနေပါတယ်။" ဒီကားမှာ ပြိုင်ဘက်ကင်း လေခွင်းအားနဲ့ တုံ့ဆွဲအားလျှော့ချတဲ့စနစ် ပါပါတယ်။ ကင်မရာ ၃ လုံး ထည့်သွင်း တပ်ဆင်ထားတာမို့ တုပရုပ်မြင် မြင်ကွင်းကို ၁၈၀ ဒီဂရီထိ မြင်နိုင်ပါတယ်။ ဒါက ကားထုတ်လုပ်ရေးလုပ်ငန်းမှာ အရမ်းတွင်ကျယ်လာတော့မယ့် စနစ်ပါ။ ဗီးရှင်းဂရန်တာရစ္စမို တုပရုပ်မြင် ပြိုင်ကားကို ဂိမ်းသမားတွေ ဒေါင်းလုပ်ရယူနိုင်အောင် သိပ်မကြာခင်မှာ ဖြန့်ချိနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ သူတို့ရဲ့ မျိုးဆက်သစ်ပြိုင်ကားကိုလည်း သိပ်မဝေးတော့တဲ့ အနာဂတ်မှာ ထုတ်ပြနိုင်တော့မယ်လို့ ဘူဂါတီကုမ္ပဏီရဲ့ ဥက္ကဋ္ဌက ဆိုပါတယ်။
6 years Ago
Up