ဘိုးရင်းလေယာဉ်ကုမ္ပဏီ

April 12, 2019

ဘိုးရင်း 737 MAX လေယာဉ်သုံးစွဲသူများ ဆော့ဖ်ဝဲလ်ပြင်ဆင်မှု စမ်းသပ်စစ်ဆေး

ဘိုးရင်း 737 MAX လေယာဉ်သုံးစွဲသူ အယောက် ၅၀ ကျော်ထဲက အများစုဟာ  ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲလ်ပြင်ဆင်မှုကို အသွင်တု စမ်းသပ်မှုတွေမှာ စစ်ဆေးခဲ့ပြီး လာမယ့်သီတင်းပတ်တွေမှာ နောက်ထပ်စမ်းသပ်မှုတွေ ပြုလုပ်ဖို့ မျှော်လင့်တယ်လို့ ကုမ္ပဏီ စီအီးအို ဒန်းနစ်မာလင်ဘာ့ဂ်က ဧပြီ ၁၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဒါးလက်စ်မြို့မှာ ပြုလုပ်တဲ့ ခေါင်းဆောင်မှုဖိုရမ်အတွင်း စီးအီးအို မာလင်ဘာ့ဂ်က ဘိုးရင်းကုမ္ပဏီ ဝန်ထမ်းအဖွဲ့ဟာ အသစ်မွမ်းမံထားတဲ့ ဆော့ဖ်ဝဲလ်နဲ့ စုစုပေါင်း လေကြောင်းပျံသန်းချိန် ၁၅၉ နာရီအတွင်း ၉၆ ကြိမ် စမ်းသပ်ပျံသန်းခဲ့တယ်လို့ ပြောပါတယ်။ ဘိုးရင်းဟာ လိုအပ်ချက်အားလုံးကို ဖော်ထုတ်ပြီး အဲဒီလိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ပြင်ဆင်မွမ်းမံထားတယ် ဆိုတာကို ဆက်လက်သရုပ်ပြသွားမယ်လို့လည်း မာလင်ဘာ့ဂ်က ပြောပါတယ်။ ၅ လအတွင်း ဘိုးရင်းကုမ္ပဏီပိုင် 737 MAX လေယာဉ်နှစ်စင်း ပျက်ကျပြီးနောက် ကုမ္ပဏီဟာ ဆော့ဖ်ဝဲလ် အဆင့်မြှင့်တင်ဖို့ ဖိအားပေးခံနေရပါတယ်။
2 years Ago

February 27, 2019

ဘိုးရင်းဂျက်လေယာဉ် အစင်း ၁၁၀ ဝယ်ယူရေး ဗီယက်နမ်လေကြောင်းလိုင်း လက်မှတ်ရေးထိုး

အမေရိကန်ဒေါ်လာ ၁၅ ဘီလျံကျော် တန်ဖိုးရှိတဲ့ ဘိုးရင်းဂျက်လေယာဉ် အစင်း ၁၁၀ ဝယ်ယူရေးစာချုပ်ကို ဗီယက်နမ် လေကြောင်းလိုင်း VietJet၊ Bamboo တို့နဲ့ အမေရိကန် ဘိုးရင်း လေယာဉ်ကုမ္ပဏီတို့အကြား ဖေဖော်ဝါရီ ၂၇ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲရဲ့ ပြင်ပအဖြစ် VietJet လေကြောင်းလိုင်း ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၇ ဘီလျံ တန်ဖိုးရှိတဲ့ 737 MAX ဂျက်လေယာဉ် အစင်း ၁၀၀ ဝယ်ယူရေးအမှာစာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အလားတူ Bamboo လေကြောင်းလိုင်းဟာလည်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလျံ တန်ဖိုးရှိပြီး ကိုယ်ထည်ကျယ်ဝန်းတဲ့ 787 ဂျက်လေယာဉ် ၁၀ စင်း ဝယ်ယူရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါ့အပြင် Bamboo လေကြောင်းလိုင်းဟာ ကိုယ်ထည်သေးငယ်တဲ့ 737 ဂျက်လေယာဉ်  ၂၅ စင်း ဝယ်ယူရေး ဆွေးနွေးနေတယ်လို့လည်း လေကြောင်းလိုင်းဥက္ကဋ္ဌက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
2 years Ago
Up