ဘိုလီးဗီးယားသမ္မတ

February 22, 2018

ရွေးကောက်ပွဲ ၄ ကြိမ်မြောက်ဝင်ပြိုင်မည့် ဘိုလီးဗီးယားသမ္မတကို ကန့်ကွက်ဆန္ဒပြ

ဘိုလီးဗီးယားနိုင်ငံမှာ လေးကြိမ်မြောက် သမ္မတသက်တမ်းအတွက် ရွေးကောက်ပွဲဝင်မယ့် သမ္မတ အေဗို မိုရာလက်စ်ကို လူထုက ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် သမ္မတ တဦး လေးကြိမ်မြောက် ပြန်အရွေးခံဖို့ကို ဖွဲ့စည်းပုံဥပဒေမှာ တရားဝင် ကန့်သတ်ထိန်းချုပ်ထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဘိုလီးဗီးယားရဲ့ အမြင့်ဆုံး ဗဟိုတရားရုံးက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတဲ့ သမ္မတသက်တမ်း ကန့်သတ်ချက်ကို ပယ်ဖျက်ပေးခဲ့တဲ့အတွက် သမ္မတ မိုရာလက်စ်ဟာ ၂၀၁၉ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိလာတာပါ။ “ဒီမိုကရေစီဆိုတာ ဘိုလီးဗီးယားနိုင်ငံသားတွေ အားလုံးမှာ ငြိမ်းချမ်းစွာ အတူတကွ တည်ရှိနေတဲ့အရာဖြစ်တယ်လို့ သမ္မတ မိုရာလက်စ်ကို ပြောချင်ပါတယ်။ ဘိုလီဗီးယားကို၊ လူမှုရေးအခန်းကဏ္ဍတွေကို အဖွဲ့အစည်းတွေကို မခွဲခြားပါနဲ့။ ဒီမိုကရေစီကို လေးစားပါ။ ခင်ဗျားရဲ့ ၁၅ နှစ်အရွယ်ကလေးနဲ့အတူ ချာပရီပြည်နယ်မှာ အေးအေးချမ်းချမ်းသွားနေပါ” လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။ မိုရာလက်စ်ရဲ့ပါတီ ခေါင်းဆောင်တဦးက “ကျနော်တို့ရဲ့ သမ္မတ အေဗိုဟာ ကျနော်တို့ချစ်တဲ့ ဘိုလီးဗီးယားအတွက် အများကြီး လုပ်ဆောင်ပေးခဲ့ပါတယ်။ ကျေးလက်ဒေသမှာ နေထိုင်တဲ့ ဌာနေလူမျိုးစုတွေ အားလုံးကိုလည်း သူအမြဲပံ့ပိုးပေးခဲ့ပါတယ်။ သူက ကျနော်တို့ကို ဘယ်သမ္မတကမှ မပံ့ပိုးဘူးတဲ့ ပံ့ပိုးမှုတွေ ပေးခဲ့ပါတယ်။ ဒါကြောင့်သာ ဒီကနေ့ ကျနော်တို့အားလုံး စည်းရုံးညီညွတ်ခဲ့တာ ဖြစ်ပါတယ်။ လူတိုင်းက သမ္မတအေဗိုနဲ့အတူ ရှိနေတယ်လို့ ပြောနေကြပါတယ်” လို့ ပြောကြားသွားပါတယ်။ ဘိုလီးဗီးယားနိုင်ငံတဝန်း ဆန္ဒပြမှုတွေမှာ သမ္မတ မိုရာလက်စ်ကို ထောက်ခံဆန္ဒပြတဲ့သူတွေလည်း ရှိနေပါတယ်။ သမ္မတ မိုရာလက်စ်ကတော့ သမ္မတရာထူးကနေ ပျော်ပျော်ကြီး အနားယူချင်ပေမယ့် သူ့ကို ထောက်ခံသူတွေက ဆက်လက်တာဝန်ထမ်းဆောင်ဖို့ တိုက်တွန်းတာကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောကြားထားပါတယ်။
4 years Ago
Up