ဘိုင်ယန်မြူးနစ်က အာဆင်နယ်ကို ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူ

February 16, 2017

ဘိုင်ယန်မြူးနစ်က အာဆင်နယ်ကို ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်တို့ ဖေဖော်ဝါရီ ၁၅ ရက်ညက ယှဉ်ပြိုင်ရာ အိမ်ရှင် ဘိုင်ယန်မြူးနစ်က ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရသွားပါတယ်။ အာဆင်နယ်ဟာ ဒီပွဲမှာ ဆန်းချက်ဇ်၊ အိုဇေးလ်၊ ချိန်ဘာလိန်၊ ရှာခါ၊ မူစတာဖီ၊ ဂစ်ဘ် စတဲ့ အဓိက ကစားသမားတွေ ထုတ်သုံးခဲ့ပေမယ့် ဂိုးသမားနေရာမှာတော့ ပီတာဆက်ခ်ျကို အနားပေးပြီး အရန်ဂိုးသမား အော့စ်ပင်နာကို အသုံးပြုခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကလည်း တိုက်စစ်မှူး လီဝမ်ဒေါစကီး၊ ဒေါက်ကလပ်စ်ကော်စတာ၊ အယ်လ်ကန်တာရာ၊ ဗီဒယ်၊ အလွန်ဆို၊ ဖိလစ်လမ်း၊ ဟမ်းမဲ၊ နူအာ စတဲ့ အဓိက ကစားသမားတွေ အသုံးပြုခဲ့ပြီး အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းခွင့်အသာစီးနဲ့ အာဆင်နယ်ကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ဘိုင်ယန်အတွက် အနိုင်ဂိုးတွေကို ၁၁ မိနစ်မှာ ရော်ဘင်၊ ၅၃ မိနစ်မှာ လီဝမ်ဒေါစကီး၊ ၅၆ နဲ့ ၆၃ မိနစ်တွေမှာ သီယာဂို အယ်လ်ကန်တာရာနဲ့ ၈၈ မိနစ်မှာ မူလာတို့က သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ မိနစ် ၃၀ မှာ ဆန်းချက်ဇ်က သွင်းယူပေးခဲ့ပါတယ်။ ဒီနှစ်သင်း ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် မတ်လ ၈ ရက်နေ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပထမအကျော့မှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်အတွက်တော့ နောက်တဆင့်တက်ရေး ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
4 years Ago
Up