အာဆင်နယ်အသင်းဟာ မိမိတို့ကစားချင်တဲ့အသင်း ဖြစ်တယ်လို့ ဘိုင်ယန်မြူးနစ်ဂိုးသမာ နူအာက ပြောကြားလိုက်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ အာဆင်နယ်အသင်းကို ဒီနေ့ည အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။
အာဆင်နယ်အသင်းဟာ တောင့်တင်းတဲ့ အသင်းကောင်းတသင်းဖြစ်ပေမယ့် ကစားပုံအရ မိမိတို့အသင်းအတွက် နေရာလွတ်တွေ ပိုရတတ်တာကြောင့်ဖြစ်တယ်လို့ နူအာက သုံးသပ်ပါတယ်။
မိမိတို့အသင်းဟာ ဘောလုံးပေးပို့မှု များများပြုလုပ်ပြီး နေရာလွတ်တွေကို အသုံးချ ကစားတဲ့အသင်း ဖြစ်တဲ့အတွက် အာဆင်နယ်အသင်းနဲ့ပွဲစဉ်ဟာ ပွဲကောင်းတပွဲ ဖြစ်လာနိုင်ပြီး ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ပွဲ ဖြစ်တယ်လို့လည်း ဘိုင်ယန်မြူးနစ်ဂိုးသမားက ဆိုပါတယ်။
ဘိုင်ယန်မြူးနစ်နည်းပြ အန်စလော့တီကတော့ အာဆင်ဝင်းဂါးဟာ ကစားပုံကောင်းမွန်တဲ့ နည်းစနစ်တခုကို တည်ဆောက်နိုင်ခဲ့တဲ့ နည်းပြဖြစ်ပြီး အတွေ့အကြုံရှိတဲ့ နည်းပြလည်း ဖြစ်တာကြောင့် လေးစားမှုအပြည့်ရှိတယ်လို့ ပြောပါတယ်။
အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးကတော့ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ အရန်ဂိုးသမား အော့စ်ပင်နာကို ပွဲထွက်ကစားဖို့ စီစဉ်ထားပြီး ခံစစ်ပိုင်း ကောင်းမွန်ဖို့နဲ့ ဘောလုံးရရှိချိန်မှာ အခွင့်အရေးရအောင် ကစားဖို့လိုတယ်လို့ ပြောဆိုထားပါတယ်။
4 years Ago