ဘိုင်ဇင်တိုင်း အင်ပါယာခေတ် နှစ်ပေါင်း ၁၅၀၀ ခန့်က အဆောက်အဦအစအန တွေ့ရှိ

A d v e r t i s e m e n t With Us

April 6, 2016

ဘိုင်ဇင်တိုင်း အင်ပါယာခေတ် နှစ်ပေါင်း ၁၅၀၀ ခန့်က အဆောက်အဦအစအန တွေ့ရှိ

ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်း ဆောက်လုပ်ရေးလုပ်သားတွေဟာ ဘိုင်ဇင်တိုင်း အင်ပါယာခေတ်က အဆောက်အဦ အစအနတွေကို တူးဖော် တွေ့ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ လောက်က ခရစ်ယာန်ဘုရားကျောင်းရဲ့ အစိတ်အပိုင်း ဖြစ်နိုင်တယ်လို့ ရှေးဟောင်း သုတေသနပညာရှင်တွေက ပြောကြောင်း ပါလက်စတိုင်း ခရီးသွားလုပ်ငန်းနဲ့ ရှေးဟောင်းပစ္စည်းဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့က ပြောပါတယ်။ ဆောက်လုပ်ရေးလုပ်သားတွေက ဈေးဆောက်ဖို့ မြေရှင်းရာက ဧပြီ ၂ ရက်နေ့က စပြီး ရှာတွေ့ခဲ့တာပါ။ ရှေးဟောင်းဝန်ကြီးဌာနကို အကြောင်းကြားအပြီး ရှေးဟောင်းအကြွင်းအကျန်တွေကို ချက်ချင်း ဖော်ထုတ်ခဲ့ပါတယ်။ ဒါကြောင့် ဒါဇင်နဲ့ချီတဲ့ ပစ္စည်းတွေကို ထပ်တွေ့ခဲ့ပါတယ်၊ နောက်ထပ် အစိတ်အပိုင်းတွေကို ဆက်ပြီး တူးဖော်နေလို့ ဈေးဆောက်ဖို့ ပြင်ဆင်နေတာကို ရပ်ဆိုင်းထားရလိမ့်မယ်လို့ အဘူရီဒါက ပြောပါတယ်။ အစ္စလာမ်ဘာသာ မပေါ်ထွန်းမီနဲ့ ပေါ်ထွန်းပြီးနောက်ပိုင်း ပါလက်စတိုင်းသမိုင်းကို ထိန်းသိမ်းဖို့က ကျနော်တို့ရဲ့ အထူးတာဝန်ပဲလို့ သူက ပြောပါတယ်။ ရှာတွေ့တဲ့ အထဲမှာ ၃ မီတာရှည်တဲ့ တိုင်တလုံး အပါအဝင် မာဘယ်ကျောက်တိုင် အစိတ်အပိုင်းတွေ၊ ယေရှုခရစ်အတွက် ဂရိအမှတ်အသားပါတဲ့ ၃ ပေလောက် ရှိတဲ့ အုတ်မြစ် ကျောက်တုံးနဲ့ တခြားအစိတ်အပိုင်း ၁၅ ခုတို့လည်း ပါပါတယ်။ ဘိုင်ဇင်တိုင်းအင်ပါယာခေတ်မှာ ဂါဇာကမ်းမြောင်ဒေသအတွင်း ခရစ်ယာန် ဘုရားကျောင်းဆောက်ဖို့ အုပ်ချုပ်သူတွေကြား စိတ်ဝင်စားမှု အကြီးအကျယ် ရှိခဲ့တယ်လို့ ရှေးဟောင်းပစ္စည်း ဝန်ကြီးဌာန ညွှန်ချုပ် ဂျမယ် အဘူ ရီဒါက ပြောပါတယ်။ ရောမခေတ်မှာ ဂါဇာနယ်ဟာ ကြွယ်ဝတဲ့ ပင်လယ်ဆိပ်ကမ်းမြို့ပါ။ ဂရိ၊ ရိုမန်၊ ဂျူး၊ အီဂျစ်နဲ့ ပါရှားလူမျိုးတွေ နေထိုင်ကြပါတယ်။ ၄ ရာစုနောက်ပိုင်း နဲ့ ၅ ရာစု အစောပိုင်းမှာ ပါဂံ ဘုရားကျောင်းတွေ ဖျက်ဆီးခံရအပြီး ခရစ်ယာန်ဘုရားကျောင်းတွေ တည်ဆောက်မှု ကျယ်ပြန့်ခဲ့ပါတယ်။ ဂါဇာနယ်ဟာ အီဂျစ်၊ ဖီလစ်တိုင်းစ်၊ ရိုမန်နဲ့ ခရူးဆိတ် ဘာသာရေး စစ်ဝါဒီတွေအတွက် ထောင်စုနှစ်နဲ့ချီပြီး ကုန်သွယ်ရေးစခန်းမြို့ ဖြစ်ခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ လောက်က အစ္စလာမစ် စစ်တပ် ရောက်လာတာနဲ့ အလက်ဇန်းဒါး သည်ဂရိတ် ဘုရင်က မြို့ကို သိမ်းပိုက်ခဲ့တာတွေကြောင့် အပျက်အစီးတွေ ကျန်ရစ်ခဲ့ပါတယ်။ လတ်တလောနှစ်တွေအတွင်း ရှာဖွေ တွေ့ရှိမှု အများအပြားရှိပေမယ့် ရန်ပုံငွေနဲ့ ကျွမ်းကျင်မှု ကင်းမဲ့လို့ ဝန်ကြီးဌာနက ထိန်းသိမ်းနိုင်စွမ်း နှောင့်နှေး နေပါတယ်။ အခု ရှာတွေ့တဲ့ ရှေးဟောင်းနယ်မြေဟာ ဂါဇာရဲ့ ဟင်းခတ်အမွှေးအကြိုင် ဈေးဟောင်းနဲ့ မဝေးဘဲ ရှေးဟောင်း အိုမာရီ ဗလီနဲ့လည်း နီးပါတယ်။
5 years Ago
Up