အလယ်အာဖရိက ကုန်းပိတ်နိုင်ငံဖြစ်တဲ့ ချဒ်နိုင်ငံရဲ့ အနောက်ပိုင်းမှာ ဘိုကိုဟာရမ် စစ်သွေးကြွလို့ သံသယရှိသူတွေက လယ်သမား ၁၈ ယောက်ကို သတ်ဖြတ်ပြီး အမျိုးသမီး ၉ ယောက်ကို ပြန်ပေးဆွဲသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အိမ်နီးချင်း နိုင်ဂျီးရီးယားနိုင်ငံကနေတဆင့် ဒေသတလွှား ပြန့်လာတဲ့ အကြမ်းဖက်မှုလှိုင်းရဲ့ အစိတ်အပိုင်းလို့ မီဒီယာတွေက ရေးပါတယ်။
ချဒ်ရေအိုင်ဒေသ မာယေရွမ်ရွာကို အရင်သီတင်းပတ် ကြာသပတေးနေ့က တိုက်ခိုက်သူတွေ ရောက်လာခဲ့ပြီး လယ်သမားတွေရဲ့လည်ကို လှီးခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
စိုက်ပျိုးမြေအသစ်ကိုရှာဖို့ လယ်သမားတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သတ်မှတ်ထားတဲ့ ဧရိယာကိုကျော်ပြီး သွားခဲ့ကြတယ်၊ ဒါကြောင့် တိုက်ခိုက်ခံရတာလို့ သူက ပြောပါတယ်။
ဘိုကိုဟာရမ်တွေဟာ နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ ဘာသာရေးဆရာ အုပ်ချုပ်တဲ့ ကာလီဖှိတ်နိုင်ငံ တည်ထောင်ဖို့ တိုက်နေတာ ၉ နှစ်ရှိပါပြီ။
အဲဒီနောက် ချဒ် နိုက်ဂျာနဲ့ ကင်မရွန်းနိုင်ငံတွေတလွှား စီးနင်းတိုက်ခိုက်နေပါတယ်။ အကြမ်းဖက်မှုတွေအတွင်း လူအယောက် ၃ သောင်းကျော် သေဆုံးပြီး ၂ ဒသမ ၇ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
5 years Ago