ဘုရားကျောင်းမတိုင်မီ စာသင်ကျောင်းကိုပစ်ခတ်မည်ဟု အမေရိကန်လူငယ် ကြုံးဝါးခဲ့

June 28, 2015

ခွဲထွက်ရေးအလံ ဖြုတ်ချသူ အမေရိကန်လူမည်းအမျိုးသမီး ဖမ်းဆီးခံရ

အမေရိကန်ပြည်ထောင်စု၊ ကိုလံဘီယာမြို့က တောင်ကယ်ရိုးလိုင်းနားပြည်နယ်ရုံးရှေ့ အလံတိုင်မှာ လွှင့်တင်ထားတဲ့ အမေရိကန်တောင်ပိုင်းပြည်နယ်ခွဲထွက်ရေးအလံကို အမေရိကန်လူမည်းအမျိုးသမီးတဦးက ဇွန် ၂၇ ရက်နေ့မှာ တိုင်ထိပ်တက်ပြီး ဆွဲချခဲ့ပါတယ်။ အမြင့်ပေ ၃၀ ရှိတဲ့ အလံတိုင်တ၀က်ရောက်ချိန်မှာ ရဲတွေရောက်လာပြီး အောက်ကိုဆင်းဖို့ ပြောတာကို မဆင်းပဲအလံကို တက်ယူပြီး ဆင်းချတာပါ။ သူ့ကို လိုက်ကူပေးတဲ့ အမျိုးသားတဦးရော အလံတိုင်တက်ခဲ့တဲ့ အမျိုးသမီးရော ရဲက ဖမ်းဆီးလိုက်ပါတယ်။ ပြီးခဲ့တဲ့တပတ်က အမေရိကန်လူမည်း ၉ ဦးကို ပစ်သတ်ခဲ့တဲ့ လူမျိုးရေးခွဲခြားရေး လူဖြူလူငယ်တဦးက ဒီတောင်ပိုင်းပြည်နယ်ခွဲ ထွက်ရေးအလံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေတက်လာခဲ့ပြီးနောက်ပိုင်း ဒီအလံကိုဖြုတ်ချဖို့ တောင်းဆိုမှုတွေ ရှိလာတာပါ။ ဒီအလံကို ၁၉၆၂ ခုနှစ် အမေရိကန်လူမှုအခွင့်အရေးလှုပ်ရှားမှုတွေ ဖြစ်ပွားခဲ့စဉ်က ပထမဆုံး ပြန်လည်အသုံးပြုခဲ့ပြီးနောက်ပိုင်း လူမျိုးရေးအငြင်းပွားစရာအလံ ဖြစ်လာတာပါ။ အမေရိကန်သမ္မတအိုဘာမားကလည်း ဒီအလံဟာ ပြတိုက်ထဲမှာပဲ ထားရမယ့်အလံလို့ ထင်ကြောင်း ပြောဆိုပါတယ်။ အခုဖမ်းဆီးခံရတဲ့ Bree Newsome ဆိုသူအမျိုးသမီးဟာ ရုပ်ရှင်ရိုက်ကူးသူ၊ အဆိုတော်၊ သီချင်းရေးသူနဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူလို့ သူ့ရဲ့ twitter စာမျက်နှာမှာ ဖော်ပြထားပါတယ်။
6 years Ago

June 21, 2015

အမေရိကန် ဘုရားကျောင်းပစ်ခတ်သူ သေနတ်သမား၏ ၀က်ဘ်ဆိုဒ် တွေ့ရှိ

အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ် လူမည်းဘုရားကျောင်းမှာ ပစ်ခတ်ခဲ့တဲ့ လူဖြူလူငယ်သေနတ်သမားက ရေးသားခဲ့ပုံရတဲ့ လူမျိုးရေးခွဲခြားမှု စာတမ်းပါဝင်တဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်တခုကို ဇွန် ၂၀ ရက်နေ့က တွေ့ရှိပါတယ်။ ၀က်ဘ်ဆိုဒ်မှာ သေနတ်သမား ဒိုင်လန်း ရုဖ် (Dylann Roof) ရေးသားထားတယ်လို့ ယုံကြည်ရတဲ့ လူမျိုးရေးခွဲခြားရေးစာတမ်း၊ သူသေနတ်ကိုင်ဆောင်ထားတဲ့ ဓာတ်ပုံတွေ၊ အမေရိကန်အလံကို မီးရှုံ့နေတဲ့ ဓာတ်ပုံနဲ့၊ အမေရိကန်တောင်ပိုင်းခွဲထွက်ရေးအလံ ကိုင်ဆောင်ထားတဲ့ ဓာတ်ပုံတွေလည်းပါဝင်ပါတယ်။ ချာလ်တန်မြို့ရှိ သမိုင်းဝင်အမေရိကန်လူမည်းဘုရားကျောင်းမှာ ဇွန် ၁၇ ရက်နေ့ညက ဒိုင်လန်း ရုဖ် ၀င်ရောက်ပစ်ခတ်မှုမှာ အမေရိကန်လူမည်း ၉ ဦးသေဆုံးခဲ့ပါတယ်။ ဇွန် ၁၈ ရက်နေ့မှာတော့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ သူ့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ချာလ်တန်မြို့မှာ ရွေးချယ်ပစ်ခတ်ခဲ့ရတဲ့အကြောင်းရင်းကတော့ တောင်ကယ်ရိုလိုင်းနားပြည်နယ် ချာလ်တန်မြို့ဟာ အမေရိကန်လူဖြူ-လူမည်းသမိုင်းမှာ အဓိကကျတဲ့မြို့ဖြစ်တာကြောင့်လို့ ၀က်ဘ်ဆိုဒ်ပဋိညာဉ်စာတန်းမှာ ရေးသားထားပါတယ်။ အမေရိကန်ဗဟိုထောက်လှမ်းရေးဗျူရိုကလည်း အဲ့ဒီဝက်ဘ်ဆိုဒ်နဲ့ ဒိုင်လန်း ရုဖ် ရဲ့ ဆက်စပ်မှုကို စုံစမ်းစစ်ဆေးနေပါတယ်။ တချိန်တည်းမှာပဲ ပစ်ခတ်မှုအတွင်း သေဆုံးသွားကြတဲ့ အမေရိကန်လူမည်း ၉ ဦးဈာပနကို တက်ရောက်ဖို့၊ နိုင်ငံတ၀န်းက ၀မ်းနည်းခြင်းပန်းခွေချမယ့်သူတွေ၊ အောက်မေ့ဆုတောင်းပွဲတက်ရောက်မယ့်သူတွေ ချာလ်တန်မြို့ကို ရောက်ရှိလာနေကြပါတယ်။ ဇွန် ၂၀ ရက်နေ့က တနေ့လုံး ချာလ်တန်မြို့က ဘုရားကျောင်းမှာ ဆုတောင်းဝတ်ပြုပွဲတွေ ကျင်းပခဲ့ကြပြီး  ပြည်နယ်မြို့တော် ကိုလွမ်ဘီယာ (Columbia) မြို့မှာ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးဆန္ဒပြပွဲကြီးလည်း ကျင်းပခဲ့ပါတယ်။ ချာလ်တန်မြို့ဟာ ၁၈၆၀ နှစ်တွေက အမေရိကန်ကျေးကျွန်စနစ်နဲ့ ပတ်သက်ပြီး ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့အချိန်က ခွဲထွက်ရေးတိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ဆိပ်ကမ်းမြို့လည်း ဖြစ်ခဲ့ပါတယ်။  
6 years Ago
Up