ဘုရားကျောင်းထဲ ညစ်ညမ်းရုပ်ရှင်ရိုက်ကူးခဲ့ခြင်းအား ရာဇဝတ်ပြစ်မှု မဟုတ်ဟု တရားရုံး ဆုံးဖြတ်

August 16, 2017

ဘုရားကျောင်းထဲ ညစ်ညမ်းရုပ်ရှင်ရိုက်ကူးခဲ့ခြင်းအား ရာဇဝတ်ပြစ်မှု မဟုတ်ဟု တရားရုံး ဆုံးဖြတ်

နယ်သာလန်နိုင်ငံ၊ တီလ်ဘာ့ဂ်မြို့က ဘုရားကျောင်းတခုထဲမှာ ညစ်ညမ်းရုပ်ရှင် လျှို့ဝှက်ရိုက်ကူးခဲ့တာဟာ ရာဇဝတ်ပြစ်မှု ကျူးလွန်တာမျိုး မဟုတ်ဘူးလို့ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ ဒီအဖြစ်အပျက်ဟာ အခုနှစ်အစောပိုင်းက စိန့်ဂျိုးဆက်ပ်ဘုရားကျောင်းထဲမှာဖြစ်ခဲ့ပြီး အငြင်းပွားဖွယ် လက်မခံနိုင်စရာ ကိစ္စတခု ဖြစ်နေခဲ့တာပါ။ ပါဝင်သရုပ်ဆောင်ခဲ့သူတွေနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေဟာ ဘုရားကျောင်းထဲက ဝတ်ပြုဆုတောင်းရာ ခုံတွေကို အသုံးပြုပြီး ညစ်ညမ်းပြကွက်တွေထဲမှာ ထည့်သွင်း ရိုက်ကူးခဲ့ကြတာဖြစ်တယ်လို့ သြဂုတ် ၁၅ ရက်နေ့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဲဒီရုပ်ရှင်ကို ဒတ်ခ်ျပွန်းစတားတဦးဖြစ်တဲ့ ကင်မ်ဟော်လန်ပိုင်ဆိုင်တဲ့ ဝက်ဘ်ဆိုက်တခုပေါ် ဖြန့်ဝေခဲ့ပြီးနောက် ပြန်ဖြုတ်ချခဲ့ကာ ဘုရားကျောင်း တာဝန်ရှိသူတွေကို တောင်းပန်ခဲ့တာပါ။ အဲဒီရုပ်ရှင်ထဲပါ စုံတွဲဟာ မြို့ရဲ့ တခြားနေရာတွေဖြစ်တဲ့ ဈေးဝယ်စင်တာတွေ၊ ဓာတ်လှေကားတွေ၊ ကားရပ်နားတဲ့ နေရာတွေမှာပါ ညစ်ညမ်းပြကွက်တွေကို ရိုက်ကူးခဲ့ကြသေးတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရရှေ့နေတဦးဖြစ်တဲ့ ချားလ်စ်ဗန်ဒါဗော့ဒ်ဟာ ဘုရားကျောင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစကားပြောခဲ့ပြီး ဒါကို လျစ်လျူရှုဖို့၊ ရာဇဝတ်ပြစ်မှု ကျူးလွန်တာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။ ဘုရားကျောင်းမှ သင်းအုပ်ဆရာ ဗန်နော်ဝီဂျန်က ရှေ့နေတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး စိတ်ပျက်ရတယ်လို့ ပြောပါတယ်။ “ကျနော် ဒါနဲ့ပတ်သက်ပြီး တကယ့်ကို စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ ခုလိုမျိုး ကျူးလွန်တာကို ကျနော်တို့ သဘောတူကြရမလား။” ဒါပေမယ့် ဒီအမှုကို စစ်ဆေးသူတွေကတော့ ရုပ်သံမှတ်တမ်းကို စစ်ဆေးကြည့်ရှုချိန်မှာ မလေးမစားအပြုအမူနဲ့ ဆိုးဝါးတဲ့ ပြကွက်တွေကလွဲရင် ရာဇဝတ်ပြစ်မှုလို့ သတ်မှတ်နိုင်ဖို့ ပြစ်ချက်တစုံတရာ မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒီအမှုကိစ္စဖြစ်ပြီးတဲ့ နောက်ပိုင်းမှာတော့ ဘုရားကျောင်းအတွင်းကို သန့်ရှင်းတဲ့ စိတ်ဝိညာဉ်အတွက် ပြင်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒါပေမယ့် အများပြည်သူကြားမှာတော့ ခုလိုဖြစ်ခဲ့ရတဲ့အတွက် ဝေဖန်မှုတွေ ဆက်တိုက်မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up