ဘုရားကျောင်းတွင်း ပဒေသာပင်မှ ငွေခိုးယူခဲ့သည့် နိုင်ငံခြားသားကို ထိုင်းရဲရှာဖွေနေ

February 23, 2017

ဘုရားကျောင်းတွင်း ပဒေသာပင်မှ ငွေခိုးယူခဲ့သည့် နိုင်ငံခြားသားကို ထိုင်းရဲရှာဖွေနေ (ရုပ်သံ)

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ဘုရားကျောင်းတခုတွင်း ပဒေသာပင်မှ ငွေတွေကို ခိုးယူခဲ့တဲ့ အနောက်နိုင်ငံသား အမျိုးသားတဦးကို ဖမ်းဆီးနိုင်ဖို့ ရဲက ရှာဖွေနေပါတယ်။ ဒီအဖြစ်အပျက်ဟာ မောင်ခရိုင်၊ ဝပ်အူမုံ မဟာသင်ဂျန် ဘုရားကျောင်းထဲမှာ ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၃း၀၈ နာရီမှာ ဖြစ်ခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဒေးလီးနယူးစ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဘုရားကျောင်းတွင်း တပ်ဆင်ထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဲဒီအမျိုးသားဟာ အပြာနုရောင်ရှပ်အင်္ကျီနဲ့ ဘောင်းဘီရှည်အဖြူကို ဝတ်ဆင်ထားခဲ့ပြီး ဘုရားကျောင်းတွင်း ပတ်ဝန်းကျင်ကို စိတ်ဝင်စားသယောင် လှည့်လည်ကြည့်ရှုနေခဲ့ပြီး ထွက်သွားခဲ့တာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ ဘုရားကျောင်းအတွင်း ဘုန်းကြီးတွေလည်း ရှိနေခဲ့တာဖြစ်ပြီး ဘုန်းကြီးတွေ ထွက်ခွာသွားခဲ့ချိန် အလစ်မှာတော့ သူဟာ ပြန်လှည့်လာခဲ့ကာ ပဒေသာပင်မှ ပိုက်ဆံတွေကို ခိုးယူခဲ့တာ တွေ့ရပါတယ်။ ဒီပိုက်ဆံတွေဟာ ဘုန်းကြီးတွေရဲ့ သင်္ကန်းဝယ်ယူနိုင်ဖို့ လှူဒါန်းငွေတွေဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ ချင်းမိုင်ရဲတွေဟာ သူခိုးကို ဖမ်းမိနိုင်ရေးအတွက် အများပြည်သူတွေကိုလည်း အကူအညီတောင်းခံထားပြီး သံသယရှိမှု တစုံတရာရှိခဲ့ရင် လိုင်းအပလီကေးရှင်းဖုန်း အိုင်ဒီလိပ်စာ @191 chiangmai ကို ဆက်သွယ်သတင်းပေးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
4 years Ago
Up