ဘုရားကျောင်း

June 10, 2019

အိန္ဒိယဝန်ကြီးချုပ် မိုဒီ သီရိလင်္ကာရှိ ဗုံးခွဲခံရသည့် ဘုရားကျောင်းသို့ သွားရောက်

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ ဇွန်လ ၉ ရက်နေ့က သီရိလင်္ကာနိုင်ငံကို ရောက်လာပြီး အီစတာပွဲတော်နေ့က ဗုံးခွဲခံရတဲ့ ကိုလံဘိုမြို့ စိန့်အန်တိုနီ ဘုရားကျောင်းကို သွားခဲ့ပါတယ်။ မိုဒီဟာ ဘုရားကျောင်းမှာ သေဆုံးသူတွေအတွက် ရည်စူးပြီး ပန်းခွေချ ဆုတောင်းခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ဧပြီ ၂၁ ရက်က ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိုတယ်ကြီးတွေမှာ အကြမ်းဖက်သမားတွေရဲ့ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။ မိုဒီဟာ သီရိလင်္ကာနိုင်ငံကို ထောက်ခံအားပေးသွားမယ်လို့လည်း ကတိပြု ပြောကြားခဲ့ပါတယ်။ မိုဒီဟာ ဝန်ကြီးချုပ် ဒုတိယသက်တမ်း အနိုင်ရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ် ထွက်လာခဲ့တာဖြစ်ပြီး ဇွန်လ ၈ ရက်က မော်ဒိုက်နိုင်ငံနဲ့ ဇွန်လ ၉ ရက်က သီရိလင်္ကာနိုင်ငံကို ရောက်လာခဲ့တာပါ။ အကြမ်းဖက်ဝါဒီတွေရဲ့ ခြိမ်းခြောက်မှုကို ထိန်းချုပ်ရေး ကမ္ဘာလုံးဆိုင်ရာ ညီလာခံကို ကျင်းပဖို့လည်း မိုဒီက တောင်းဆိုခဲ့ပါသေးတယ်။ မကြာသေးခင်က တရုတ်ဟာ သီရိလင်္ကာနဲ့ မော်ဒိုက်မှာ အခြေခံအဆောက်အအုံ စီမံကိန်းတွေ ရင်းနှီးမြှုပ်နှံခဲ့ပြီး အထူးသဖြင့် ရေတပ်နဲ့ ဆက်ဆံရေး နီးကပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါ့ကြောင့် ဒေသတွင်း တရုတ်ရဲ့လွှမ်းမိုးမှု မြင့်တက်လာတာကို တုံ့ပြန်ဖို့ အိန္ဒိယက ကြိုးစားနေပါတယ်။ အိန္ဒိယဟာ တောင်အာရှဒေသတွင်း မဟာမိတ်တွေကို ဗဟိုပြုပြီး အိမ်နီးချင်းတွေက ပထမဆိုတဲ့ နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးနေပါတယ်။ ဒါပေမယ့် ပြိုင်ဘက် ပါကစ္စတန်နိုင်ငံနဲ့ ဆက်ဆံရေး နွေးထွေးတဲ့ လက္ခဏာကတော့ နည်းနည်းပဲရှိတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ် ဖော်ပြပါတယ်။
2 years Ago

May 10, 2019

ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည့် သီရိလင်္ကာရှိ ဘုရားကျောင်း ပြန်လည်ဖွင့်လှစ်

သီရိလင်္ကာနိုင်ငံမှာ ဧပြီလက ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတဲ့ နီဂိုမ်ဘိုမြို့က စိန့်စီဘာစတိန့် ဘုရားကျောင်းကို မေလ ၉ ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ ဧပြီ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ အီစတာပွဲတော်နေ့က သီရိလင်္ကာနိုင်ငံတလွှား ဘုရားကျောင်းတွေနဲ့ ဇိမ်ခံဟိုတယ်တွေကို ပစ်မှတ်ထားပြီး အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၅၀ ကျော် သေဆုံးပြီး ၅၀၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။ အသေခံဗုံးခွဲတိုက်ခိုက်ခံရတဲ့ ဘုရားကျောင်းတွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ စိန့်စီဘာစတိန့် ဘုရားကျောင်းမှာ လူပေါင်းတရာကျော် သေဆုံးခဲ့ပါတယ်။ မေလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ ဘုရားကျောင်း ပြန်လည်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေနဲ့ ဒဏ်ရာရသူတွေကို အောက်မေ့ ဂုဏ်ပြုခဲ့ကြပါတယ်။ အဲဒီဘုရားကျောင်းဟာ ပြန်ဆောက်လက်စ ဖြစ်တာကြောင့် ယာယီအဆောက်အအုံမှာပဲ ဖွင့်ပွဲ ကျင်းပခဲ့ကြပါတယ်။
2 years Ago
More News
Up