ဘုရားသုံးဆူ

November 16, 2022

ဘုရားသုံးဆူ၊ သပြုခဲသတ္တုမိုင်းအနီး စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် တရုတ်နိုင်ငံသား ၃ ဦး သေဆုံး

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာ အမှတ် ၆ မိုင်းဘက်ကို နိုဝင်ဘာ ၁၆ ရက် ဒီမနက် ၁ နာရီ ၄၅ မိနစ်လောက်မှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲသွားလို့  တရုတ်နိုင်ငံသားတွေ အပါအဝင် လူတချို့ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုရားသုံးဆူနယ်စပ်မြို့နဲ့ ၁၈ မိုင် အကွာအဝေးမှာရှိတဲ့ သပြုခဲသတ္တုမိုင်းအမှတ် (၆) လုပ်ကွက်စခန်းကို ဂျက်တိုက်လေယာဉ်က ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ရာ မိုင်းစခန်းတခုလုံး ပေါက်ကွဲသွားတယ်။

တရုတ်နိုင်ငံသား ၃ ဦး ပွဲချင်းပြီးသေဆုံးကာ လူ ၈  ယောက် စိုးရိမ်ဒဏ်ရာ အပြင်းအထန် ရရှိသွားလို့ လူနာတွေကို ဘုရားသုံးဆူ ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားခဲ့တယ်လို့ ဒေသခံ PDF သတင်းရင်းမြစ်က ပြောပါတယ်။

အမှတ် (၆) သတ္တုတူးဖော်ရေးမိုင်းစခန်းဟာ မကြာသေးခင်ကမှ အသစ်ထပ်မံပြုပြင်ထားပြီး လုပ်ငန်းလည်ပတ်တာ ရက်ပိုင်း ရှိ​သေးပါတယ်။

သတ္တုတူးဖော်ရေးမိုင်းစခန်းဟာ ဒေသခံ တိုင်းရင်းသားလုပ်ငန်းရှင်တွေနဲ့ တရုတ်နိုင်ငံသားတွေ ပူးပေါင်းလုပ်ကိုင်နေတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြေပြင်မှာ စစ်ရေးအင်အားတိုက်ခိုက်ရေးတွေ ကျဆင်းလာတာနဲ့အမျှ လေကြောင်းပစ်ကူတွေကို ပိုမိုအားထားပြီး ပစ်ခတ်တိုက်ခိုက်မှုတွေက  ပိုမိုပြင်းထန်လာခဲ့တာကြောင့် သာမန်အရပ်သားပြည်သူတွေမှာ ထိခိုက်သေဆုံးမှုတွေ ရှိလာနေခဲ့တယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။

အခုလို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသား အပါအဝင် ထိခိုက်ဒဏ်ရာရခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက အခုချိန်မှာ ထုတ်ဖော် ပြောဆိုတာမရှိသေးပါဘူး။

2 weeks Ago

October 6, 2022

စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် ဘုန်းကြီး ၁ ပါး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း မီးလောင်ပျက်စီး

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာကျေးရွာကို အောက်တိုဘာ ၆ ရက် မနက် ၂ နာရီခွဲလောက်မှာ  စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်  ကျေးရွာဘုန်းကြီးကျောင်း မီးလောင်ပျက်စီးသွားသလို ကျောင်းတွင်းရှိ ဘုန်းကြီးတပါး ဦးခေါင်းမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ကောင်စီရဲ့တပ်စခန်းနဲ့ ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးတဲ့အပေါ် မကျေနပ်လို့ လာရောက်တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းက ဘုရားတောင်တပ်စခန်း ကျတာရယ်။ ဒုတပ်ရင်းမှူးအပါအဝင် စကစက ၁၃ ယောက် သေတဲ့ကိစ္စကို မကျေနပ်လို့ဖြစ်မယ်။ ဘာပဲပြောပြော စကစက ဘုရားကျောင်းမှန်း မသိ။ ပြည်သူကို ပြည်သူလို့ မမြင်။ အကြမ်းဖက်လုပ်ရပ်က ပိုပိုဆိုးဆိုးလာတယ်။ ကျေးရွာဘုန်းကြီးကျောင်း မီးလောင်ပျက်စီးပြီး ဦးပဥ္စင်းတစ်ပါး ခေါင်းမှာ ဒဏ်ရာရသွားတယ်။ ဒေသခံပြည်တွေနဲ့နေအိမ်တွေ ထိခိုက်ပျက်စီးတာတော့ မရှိဘူး။”

စက်တင်ဘာ ၂၈ ရက်က  စစ်ကောင်စီရဲ့ ဘုရားတောင်စခန်းကုန်းကို KNLA တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အတွက် ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိခဲ့ပါတယ်။

စစ်ကောင်စီတပ်က မှော်ဘီလေတပ်စခန်းကနေ တိုက်လေယာဉ် ၃  စင်းနဲ့ ဘုန်းကြီးကျောင်းဝင်းအတွင်း ဗုံးလာကြဲသွားတာဖြစ်ပြီး   အနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့ ပြည်သူလူထုတွေ ထိတ်လန့်ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ KNU ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ စက်တင်ဘာ ၂၇ ရက် ည ၁၂ နာရီလောက်က ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဇင်းကျေးရွာအခြေစိုက်စစ်ကောင်စီတပ်စခန်းကို KNLA တပ်ဖွဲ့ဝင်တွေက ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အပြင် စခန်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

တပ်မဟာ ၆ ၊ ဒူးပလာယာခရိုင်၊ ဘုရားသုံးဆူမြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA တပ်ဖွဲ့တို့ မကြာခဏတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်တွေက ဒေသခံပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေအတွင်းကို လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာ၊ ပေါ်တာအဖြစ် အတင်းအဓမ္မခိုင်းစေတာ၊ ပြည်သူပိုင်ပစ္စည်းတွေနဲ့ တိရစ္ဆာန်တွေကို ခိုးယူစားသောက်တာ၊ နေအိမ်တွေကို ဖျက်ဆီးတာ၊ လူအခွင့်အရေး ချိုးဖောက်တာတွေ ရှိတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

2 months Ago

ဘုရားသုံးဆူအနီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ၊ ဘုန်းကြီးကျောင်း မီးလောင်ပျက်စီး (ဓာတ်ပုံ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီး မက္ကသာကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၆ ရက် ဒီနေ့ မနက် ၂ နာရီခွဲလောက်က လေယာဉ်နဲ့ ဗုံးကြဲရာမှာ  ဘုန်းကြီးကျောင်းနဲ့ တခြားနေရာတချို့ မီးလောင်ပျက်စီးသွားပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတွေနဲ့ လူတွေထိခိုက်ဒဏ်ရာရမှု ရှိ မရှိ  အခြေအနေကိုတော့  လတ်တလော မသိရသေးပါဘူး။

2 months Ago
More News
Up