ဘုရားလှရွာသား

September 9, 2021

ဘုရားလှရွာသားတစ်ဦးကို ပျူစောထီးအဖွဲ့က သေနတ်ဖြင့် ပစ်သတ်

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် ဘုရားလှရွာသားတစ်ဦးကို ပျူစောထီးအဖွဲ့ဝင် ခြောက်ယောက်က ရွာထိပ်မှာ သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၃၀ ရက်နေ့က ဘုန်းကြီးကျောင်းကို လေးခွနဲ့ပစ်မှုကြောင့် ပျူစောထီးအဖွဲ့ဝင်တွေ က ရွာသား ကိုမိုးဆိုသူကို ဖမ်းဆီးသွားတာ ဖြစ်ပြီး ပြန်လွှတ်ပေးမယ်လို့ ပြောသွားပေမဲ့ မြင်းခြံစစ်တပ် ခမရ ၁၅ တပ်မှာထားရှိပြီး စက်တင်ဘာ ၈ ရက်နေ့ ညက ဘုရားလှရွာထိပ်မှာတင် ပစ်သတ်သွားတာလို့ ရွာသားတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက "စဖမ်းသွားတုန်းက ဆရာတော်ကိုယ်တိုင်လိုက်ထုတ်ပေးတာတောင် မလွှတ်ပေးဘူး။ သူအသတ်ခံရပြီး သွားကြည့်တော့ ပုခုံးတွေ၊ ခေါင်းတွေမှာ သေနတ်ဒင်နဲ့ ထုထားတဲ့ ဒဏ်ရာတွေတွေ့တယ်။ မျက်လုံးတခြမ်းဆို ညိုမည်းနေပြီ။ ခေါင်းကိုချိန်ပြီး သေနတ်နဲ့ပစ်သွားတာ၊ ဦးနှောက်တွေပါ ထွက်နေတယ်'' လို့ ပြောပါတယ်။

ပျူစောထီးအဖွဲ့နဲ့ ကိုမိုးဟာ ပုဂ္ဂိုလ်ရေးအရှုပ်အရှင်းတွေလည်း ရှိတယ်လို့ သိရပါတယ်။

မကြာသေးမီက PDF အဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး တလုတ် ရွာသား သုံးယောက်လည်း အဖမ်းခံခဲ့ရကာ ရိုက်နှက်စစ်ဆေးပြီး ပြန်လွှတ်ပေးသွားတယ်လို့လည်း သိရပါတယ်။

"မြင်းခြံမှာ ဆိုရင် စစ်သားတွေထက် ပျူစောထီးအဖွဲ့တွေက ပိုသောင်းကျန်းနေလို့ PDF တွေအနေနဲ့ အမြန်ဆုံးဖမ်းပေးကြဖို့ တောင်းဆိုပါတယ်'' လို့ မြင်းခြံရွာသားတစ်ဦးက ပြောပါတယ်။

1 month Ago
Up