ဘုရားဖူးသွားသည့်

September 14, 2017

ဘုရားဖူးသွားသည့် လင်မယား ၂ ဦး ရွှေနှင့်ငွေများ လုယက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့၊ မြို့ပေါ်ရပ်ကွက်မှာ စက်တင်ဘာ ၁၃ ရက်နေ့ ည ၈ နာရီခွဲလောက်က လုယက်မှုတခု ဖြစ်ပွားခဲ့တယ်လို့ လုယက်ခံရသူက ပြောပါတယ်။ မွန်ပြည်နယ်၊ ရေးမြို့၊ မြို့ပေါ်ရပ်ကွက် အောင်မင်္ဂလာ ၁ လမ်းနေသူ မခင်မာချိုဟာ ခင်ပွန်းဖြစ်သူနဲ့အတူ စက်တင်ဘာ ၁၃ ရက် ည ၈ နာရီခွဲလောက်က ရွှေဆံတော်ဘုရားဖူးပြီး ဆိုင်ကယ်နဲ့ပြန်လာနေချိန် လမ်းမှာအမည်မသိ လူ ၂ ဦးက ဆိုင်ကယ်စီးပြီး လုယက်ခဲ့တာ လို့ ဆိုပါတယ်။ “ဘုရားပူဇော်ပြီးမှ မိသားစုနဲ့အတူ ပြန်လာခဲ့တယ်။ ရန်ကြီးအောင် ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်မှာ ဆိုင်ကယ်နဲ့ နောက်က ကပ်လိုက်ပြီး အခုလို လုယက်သွားပါတယ်။ ငွေက ၂ သိန်းကျော်၊ ရွှေငါးမူးသား၊ ဖုန်း ၁ လုံးပါ လုယက် ခံရတယ်” လို့ မခင်မာချို က ပြောပါတယ်။ လုယက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရန်ကြီးအောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လာရောက်သတင်းပေးပို့လို့ ရေးမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး လုယက်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။ ရေးမြို့နယ်တွင်းမှာ မကြာခဏလုယက်မှုတွေ ဖြစ်ပေါ်နေခဲ့သလို တရားခံတွေကိုလည်း ဖမ်းဆီးရမိခြင်းမရှိသေးတဲ့အတွက် မြို့ခံတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ နေမျိုးထွဋ် (ရေး)
4 years Ago
Up