ဘုရားဖူးယာဉ်

June 11, 2020

အင်းတော်ကြီးတွင် ဘုရားဖူးယာဉ် ၁ စီး တိမ်းမှောက်ပြီး  ၁ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးမြို့ အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဇွန် ၁၀ ရက် မွန်းတည့် ၁၂ နာရီလောက်က အင်းတော်ကြီး ဘုရားဖူးယာဉ် ၁ စီး တိမ်းမှောက်ခဲ့တာကြောင့် ၁ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။ စိုင်းစိုး ၂၉ နှစ် မောင်းနှင်တဲ့ လေးဘီးယာဉ်ဟာ ညောင်ပင်ရွာဘက်အသွား အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးအမှတ်အသား ဆိုင်းဘုတ်ကိုတိုက်မိပြီး တိမ်းမှောက်သွားတယ်လို့ သိရပါတယ်။ ယာဉ်ပေါ်ပါခရီးသည် အမျိုးသမီး ဒေါ်မြမြဝင်း  သေဆုံးခဲ့ကာ ၉ ဦးဒဏ်ရာတွေ ရရှိခဲ့ပြီး နယ်မြေရဲစခန်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ လူသေဆုံးအောင် ယာဉ်မဆင်မခြင်မောင်းနှင်သူ စိုင်းစိုးအား  ရာဇသတ်ကြီးပုဒ်မ ၃၃၇/ ၃၃၈/ ၃၀၄(က) တို့နဲ့ အင်းတော်ကြီးမြို့ ရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။ အခုရက်ပိုင်းအတွင်း အင်းတော်ကြီးကန်ရေလယ်ဘုရားမှာ ရေခန်းခြောက်မှုကြောင့် နတ်လမ်းပေါ်လာတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ကိုဗစ်-၁၉ ကာလ လူစုလူဝေး ခွင့်မပြုပေမဲ့ နတ်လမ်းကြည့်ဖို့နဲ့ ဘုရားဖူးလာသူ ၁ ရက်ကို ပျမ်းမျှ ၄၀၀ ဝန်းကျင်လောက် ရှိတယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။
11 months Ago

October 12, 2019

ရှင်ကိုးရှင် ဘုရားဖူးယာဉ်တစီး လမ်းဘေးမြောင်းထဲ ထိုးကျ၊ ၂ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း ရေး-ထား၀ယ် လမ်းမှာ ထားဝယ် ရှင်ကိုးရှင် ဘုရားဖူးလာတဲ့ မော်တော်ယာဉ်တစီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲ ထိုးကျခဲ့လို့ အမျိုးသမီး ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ TOYOTA HIACE အမျိုးအစား မော်တော်ယာဉ်မှာ အောက်တိုဘာ ၁၁ ရက်နေ့၊ နေ့လယ် ၁ နာရီကျော်က ရေး-ထား၀ယ်လမ်း မိုင်တိုင်အမှတ် ၅/၅ မိုင်ရှိ အောင်ဖြိုးပိုင် စက်သုံးဆီဆိုင်အနီးမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓာတ်တိုင် ဝင်တိုက်ပြီးနောက် ရေမြောင်းအတွင်း ထိုးကျခဲ့တာလို့ ဒဏ်ရာရသူတွေကို ဆေးရုံပို့ပေးခဲ့တဲ့ ဇမ္ဗူသီရိ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့မှ ဦးနိုင်မျိုးသွင်က ပြောပါတယ်။ “ထိခိုက်ဒဏ်ရာလောက်ပဲ။ ပြင်းထန်တာ မရှိဘူး၊ တယောက်က ခါးနာလို့ ဓာတ်မှန်ရိုက်ထားရတယ်။” ဒဏ်ရာရသူ လူနာ ၂ ဦးကတော့ ဧရာ၀တီတိုင်း၊ လပ္ပတ္တာမြို့နဲ့ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တို့မှ ဖြစ်ပါတယ်။ ယာဉ်မဆင်မခြင်မောင်းနှင်တာကြောင့် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူကို ဒဏ်ရာရရှိစေသူ ယာဉ်မောင်း ဦးနေ၀င်းကို ထား၀ယ်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း - တင့်လွင်
2 years Ago
Up