ဘုရားထီးတော်

May 13, 2020

ကျိုက်မရော၌ လူစုလူဝေးပြုဖြင့်လှည့်လည် ဘုရားထီးတော်ပင့်ခဲ့သူ ထောင်ဒဏ် ၉ လ ချမှတ်ခံရ 

COVID-19 ကပ်ဘေးကာလမှာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ဘုရားထီးတော်ပင့်ဖို့ လူစုလူဝေး ပြုလုပ်ခဲ့တဲ့ ဦးဆောင်သူ ဦးဇော်မင်းကို ကျိုက်မရောမြို့နယ် တရားရုံးက မေ ၁၂ ရက်မှာ ထောင်ဒဏ် ၉ လ အမိန့်ချမှတ်ခဲ့တယ်လို့ ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးမင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။ ကျိုက်မရောမြို့နယ် ကြာအင်းချောင်း ကျေးရွာနေ ဦးဇော်မင်း ဦးဆောင်ပြီး မတ် ၃၀ ရက်က ဘုရားထီးတော်ပင့်ဖို့  ကား ၁၈ စီး၊ အသံချဲ့စက် ကား ၂ စီး၊ လူဦးရေ ၁၅၀ လောက်နဲ့ ကော့ကျိုက်-ဓမ္မဿ ကားလမ်းအတိုင်း လှည့်လည်ကာ  ထီးတော်ပင့်ဆောင်ခဲ့  ဖြစ်ပါတယ်။ အဲဒီလို လှည့်လည်ခဲ့တဲ့အတွက်ကြောင့် ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ် ၃၀ (က)အရ တရားစွဲဆိုပြီးနောက်  ထောင်ဒဏ် ၉ လအမိန့်ချမှတ်ခဲ့ရတာပါ။ ပုံမှန်ဆိုရင် အစိုးရက လူစုလူဝေး မလုပ်ဖို့ ထုတ်ပြန်ထားတဲ့ အမိန့်တွေကို ဖောက်ဖျက်ကျူးလွန်ရင် နေ့ချင်းပြီး အမိန့်ချတာတွေ လုပ်ခဲ့ပေမယ့် အခုအမှုမှာတော့ ဦးဇော်မင်းက ရှေ့နေငှားပြီး အမှုရင်ဆိုင်ခဲ့တဲ့အတွက်ကြောင့် အချိန် ၁ လကျော် ကြာမြင့်ခဲ့တာပါ။ ဦးဆောင်သူ ဦးဇော်မင်းဟာ  ကိုရိုနာဗိုင်းရပ်စ် COVID- 19 ရောဂါကြောင့် မွန်ပြည်နယ် အစိုးရအဖွဲ့က လူစုလူဝေး မလုပ်ဖို့ အမိန့်တွေ၊ ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီးနောက် ကျိုက်မရောမြို့နယ်မှာ ပထမဦးဆုံး တရားစွဲခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ဇော်လွင်ထွဋ်
1 year Ago
Up