ဘုရားကျောင်းများ

January 8, 2020

ဆီးရီးယား ဘုရားကျောင်းများသို့ ရုရှားသမ္မတ ပူတင် သွားရောက်

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်ကို ရောက်နေတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဆီးရီးယားသမ္မတ ဘတ်ရှားအယ်လ်အာဆတ်နဲ့အတူ မာရီယာမိုက် ခရစ်ယာန်ဘုရားကျောင်းနဲ့ အူမေယဒ်ဗလီတို့ဆီကို ဇန်နဝါရီ ၇ ရက်က သွားရောက်လည်ပတ်ပါတယ်။ ဒါဟာ ဆီးရီးယား ပြည်တွင်းစစ်အတွင်း ရုရှားက ပါဝင်လာတည်းက ခုထိ ပူတင်အတွက် ဒုတိယမြောက် ဆီးရီးယား ခရီးစဉ်လည်း ဖြစ်ပါတယ်။ အာဆတ်ရဲ့ အဓိကမဟာမိတ် အီရန်က အမေရိကန်ကို လက်စားချေမယ်လို့ ပြောအပြီး ဒေသတွင်း တင်းမာမှုတိုးနေချိန်မှာ ပူတင် ရောက်လာတာလည်း ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းတလွှားက အီရန် စစ်ဆင်ရေးတွေရဲ့ သေနာပတိချုပ် အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေမာနီဟာ ဆီးရီးယား ပြည်တွင်းစစ်ထဲက အထင်ကရ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ဆူလေမာနီဟာ ဆီးရီးယားကနေ အီရတ်မြို့တော် ဘဂ္ဂဒက်လေဆိပ်ကို ရောက်ခါစမှာတင် အမေရိကန်ရဲ့ ဒရုန်းယာဉ်နဲ့ လုပ်ကြံတာကို ခံလိုက်ရတာပါ။ ရုရှားနဲ့ အီရန်တို့ရဲ့ ထောက်ပံ့မှုကြောင့် အာဆတ်ဟာ ၉ နှစ်နီးပါး ကြာနေတဲ့ ပြည်တွင်းစစ်အတွင်း သူပုန်တွေဆီက နယ်မြေအားလုံးနီးပါးကို ပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံအတွင်း ငြိမ်းချမ်းတဲ့ဘဝကို ပြန်ဆောင်ကြဉ်းနိုင်လို့ ပူတင်ရဲ့ အထောက်အပံ့အတွက် ကျေးဇူးတင်တယ်လို့ အာဆတ်က ပြောခဲ့တဲ့အကြောင်း သမ္မတ နန်းတော်ကို ကိုးကားပြီး ရုရှားရဲ့ အင်တာဖှက်စ် သတင်းဌာနက ပြောပါတယ်။ ပူတင်ဟာ သူ့ခရီးစဉ်အတွင်း ဆီးရီးယားနိုင်ငံထဲက နေရာအတော်များများကို သွားရောက် လည်ပတ်မယ်လို့ အင်တာဖှက် သတင်းဌာနက ပြောခဲ့ပါတယ်။
2 years Ago
Up