ဘုရင်စနစ်

April 5, 2019

လူငယ်များကြား ရေပန်းစားသည့် ထိုင်းအနာဂတ်သစ်ပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအား အမှုဖွင့်

ထိုင်းနိုင်ငံမှာ မနှစ် နှစ်ကုန်ပိုင်းကမှ ပါတီစတင်ထူထောင်ပြီး ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပါတီမဲနဲ့ အမတ်နေရာ တတိယအများဆုံး ရထားတဲ့ အနာဂတ်သစ်လို့ အဓိပ္ပာယ်ရ Future Forward ပါတီ ခေါင်းဆောင်နဲ့ အတွင်းရေးမှူးတို့ဟာ ပုဒ်မ ၁၁၆ နဲ့ အမှုဖွင့်ခံထားရပါတယ်။ ဒီမတိုင်ခင် Future Forward ပါတီ အတွင်းရေးမှူး နိုင်းပီယပွတ် ဆဲန်ကနုတ်ကွန်းက “ဘုရင်စနစ်က အာဏာရလာသူတွေဟာ ပြည်သူတွေက ရွေးကောက်တင်မြှောက်တာ မဟုတ်ဘဲ သွေးသားရင်းခြာ အဆက်အနွယ်တွေကြောင့် အာဏာရတာဖြစ်ကြောင်း” ဟောပြောထားတဲ့ ဗွီဒီယိုကလစ်တခု လူမှုကွန်ရက်မှာ ပြန့်သွားပြီးတဲ့နောက် သူတို့ပါတီဟာ ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်ကို ဖြိုခွဲမယ့်ပါတီဖြစ်တယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။ နိုင်းပီယပွတ်ကတော့ အဲဒီဗွီဒီယိုကလစ်ဟာ လွန်ခဲ့တဲ့ ၄ နှစ်က ဘန်ကောက် ဓမ္မဿတ်တက္ကသိုလ်မှာ သူ နည်းပြဆရာလုပ်ခဲ့စဉ် ကျောင်းသူကျောင်းသားတွေကို ဘုရင်စနစ်နဲ့ ဒီမိုကရေစီစနစ် ဆက်နွှယ်ပုံအကြောင်း ဟောပြောချက်ထဲက ကောက်နုတ်ချက်တခုသာ ဖြစ်ကြောင်း၊ အဲဒီထဲက ဘုရင်စနစ်ဆိုတာ ဘယ်နိုင်ငံဆိုတာကို ရည်ညွှန်းတာမဟုတ်ဘဲ ခေတ်စနစ်အကြောင်း ရှင်းပြခြင်းသာဖြစ်ပြီး ဗွီဒီယိုဖိုင်တင်သူဟာ ဟောပြောချက်အားလုံးကို မတင်ဘဲ အများပြည်သူ အထင်မှားစေတဲ့ အချက်ကိုသာ ဖြတ်တောက် တင်ပြထားခြင်း ဖြစ်တယ်လို့ သူ့ကိုယ်ပိုင် လူမှုကွန်ရက်မှာ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ Future Forward ပါတီခေါင်းဆောင် နိုင်းထနားထွဏ်း ကျင့်ရုန့်ရိုင်းကစ်နဲ့ အတွင်းရေးမှူး နိုင်းပီယပွတ် ဆဲန်ကနုတ်ကွန်းတို့ကို ပုဒ်မ ၁၁၆ နဲ့ အရေးယူဖို့ ထိုင်းစစ်တပ် ဗိုလ်ချုပ်ကြီးတဦးက တရားလိုပြုပြီး မတ်လ ၂၉ ရက် နေ့စွဲနဲ့ ပထုမ်းဝမ်းနယ်မြေ ရဲစခန်းမှာ လာရောက်တိုင်ကြားထားတာ ဖြစ်ပါတယ်။ အဲဒီတိုင်ကြားချက်အရ သူတို့နှစ်ဦးဟာ လာမယ့် ဧပြီ ၆ ရက် မနက် ၁၀ နာရီချိန် ပထုမ်းဝမ်းရဲစခန်းမှာ သွားရောက်ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ပုဒ်မ - ၁၁၆ မှာ နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော အခြေခံဥပဒေ ပြုပြင်ခြင်းအလို့ငှာ လူအများအား စည်းရုံးလှုံ့ဆော်ခြင်း၊ နိုင်ငံတော် အချုပ်အခြာအာဏာကို ထိပါးလာနိုင်သည့် အများပြည်သူများအား သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခြင်း၊ တိုင်းသူပြည်သားတို့အား အခြေခံ ဥပဒေပေါ် မထေမဲ့မြင်ဖြစ်လာအောင် ဆောင်ရွက်ခြင်း စတဲ့အချက်တွေ ပါဝင်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၇ နှစ် ကျခံရမှာ ဖြစ်ပါတယ်။ ပါတီခေါင်းဆောင် နိုင်းထနားထွဏ်းကတော့ သူ့အနေနဲ့ နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင် ဘာမှမလုပ်ခဲ့ရကြောင်း၊ နိုင်ငံတော်ကို ဖီဆန်တာမဟုတ်ဘဲ အာဏာကို ဆက်လက်စွဲကိုင်လိုတဲ့ စစ်အာဏာရှင်တွေကိုသာ ဖီဆန်ခြင်းဖြစ်ကြောင်း၊ အခုလို အမှုဖွင့်ခံရတဲ့အပေါ် ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိဘဲ လာမယ့် ၆ ရက်နေ့ ရဲစခန်းမှာ သွားပြီး အပြစ်မရှိတဲ့အကြောင်း သွားရောက်ဖြေရှင်းမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ သူတို့အနေနဲ့ နိုင်ငံရေးလောကထဲ ဝင်လာပြီ ဆိုကတည်းက တနေ့ ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုတင်တွက်ထားပြီးသားဖြစ်ကြောင်း၊ နောင် ဒီထက်ဆိုးတဲ့ အခြေအနေတွေလည်း ကြုံလာရနိုင်ကြောင်း၊ ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ်ရောက်ရှိရေး ကြိုးစားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်တာကြောင့် ဖြစ်လာသမျှ ရင်ဆိုင်မှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း သူတို့ပါတီကို ဝန်းရံပေးဖို့ နိုင်းထနားထွဏ်းက မနေ့က ဘန်ကောက်မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားသွားပါတယ်။ နိုင်းထနားထွဏ်းဟာ ဘတ်သန်းပေါင်း သောင်းနဲ့ချီချမ်းသာတဲ့ လုပ်ငန်းရှင်သူဌေး တဦးဖြစ်ပြီး နိုင်းပီယပွတ်ကတော့ ဘန်ကောက်ဓမ္မသတ်တက္ကသိုလ်မှ ဥပဒေပြုဘာသာရပ် နည်းပြဆရာတဦး ဖြစ်ပါတယ်။ သူတို့ဟာ အသက် ၄၀ စွန်းစွန်းရှိ လူရွယ်တွေဖြစ်ပြီး ထိုင်းနိုင်ငံ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေး စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက်  စည်းစိမ်နဲ့ ရာထူးတွေ စွန့်ကာ Future Forward ပါတီကို ထူထောင်ပြီး နိုင်ငံရေးလောကထဲ ဝင်ရောက်လာတာ ဖြစ်ပါတယ်။
2 years Ago
Up