ဘုန်းကြီးကျောင်းများ

October 16, 2020

ကျောက်မဲမြို့ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေသည့် စစ်ရှောင် ၄၀၀ ကျော် နေရပ်ပြန်မည်

တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပုံဝိုးတိုက်နယ်အတွင်းက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူ ၃၅၀၀ ကျော်ထဲက ၄၀၀ ကျော် နေရပ်ပြန်ကြမယ်လို့ သိရပါတယ်။ ပုံဝိုးရွာဘုန်းကြီးကျောင်းကို ဆယ်ရက်ခန့်ကြာ ရောက်ရှိနေတဲ့ ခန့်ခဲရွာက ပြည်သူ ၂၀၀ ခန့်၊ နားဆောင်းရွာဘုန်းကြီးကျောင်းရောက်နေတဲ့ ပန်ထန်ရွာနဲ့အနီးအနားက ပြည်သူ ၉၀ ခန့်၊ နောင်ကွမ်ဘုန်းကြီး‌ ကျောင်းရောက်နေတဲ့ လုံဝယ်ရွာနဲ့အနီးနားရွာက ပြည်သူ ၉၀ ခန့်၊ ပုံဝိုးရွာအနီးနား ရွာက ပြည်သူတချို့ စုစုပေါင်း ၄၀၀ ကျော် ၅၀၀ လောက် အောက်တိုဘာ ၁၆ နေ့ ပြန်ကြမယ်လို့ သိရပါတယ်။ ပြန်မယ့်အစီအစဉ်ကိုတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက ဦးဆောင်သွားမှာဖြစ်ပြီး၊ ကျေးရွာလူကြီးတွေ ပရဟိတအဖွဲ့တွေ ပါမယ်လို့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ  ကိုယ်စားလှယ်လောင်း စိုင်းအောင်မြင့်က ပြောပါတယ်။  နောက်ထပ် ပြန်ချင်တဲ့ ရွာတွေက ကောင်းလန်းရွာ နဲ့ ဟဲကွီရွာက ပြည်သူတွေဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ တပ်မတော် နဲ့ RCSS တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ရပ်တန့်နေတယ်လို့ သိရပါတယ်။
8 months Ago

April 5, 2020

သင်္ကြန်ကာလ ရန်ကုန်ရှိ ဘုန်းကြီးကျောင်းများကို ဆွမ်းကွမ်းဝေယျာဝစ္စ တိုင်းအစိုးရ ထောက်ပံ့မည်

COVID-19 ကို ကြိုတင်ကာကွယ်ဖို့နဲ့ သံဃာတော်တွေ အစုအဝေး မဖြစ်စေဖို့ မဟာသင်္ကြန် ရုံးပိတ်ရက်တွေမှာ ရန်ကုန်တိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကို ဆွမ်းကွမ်း ဝေယျာဝစ္စ ၆ မျိုး လှူဒါန်းထောက်ပံ့သွားဖို့ တိုင်းအစိုးရက စီစဉ်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ တိုင်းအစိုးရနဲ့ သံဃနာယကအဖွဲ့က ဆရာတော်တွေ ပူးပေါင်းစီစဉ်နေတာ ဖြစ်ပြီး သက်ဆိုင်ရာဘုန်းကြီးကျောင်းတွေအလိုက် သီတင်းသုံးနေတဲ့ သံဃာတော်နဲ့ သီလရှင် အရေအတွက်ကို စာရင်းကောက်ယူနေတယ်လို့ ပြောပါတယ်။  စာရင်းအတိအကျ ကောက်ယူပြီးပါက မဟာသင်္ကြန်ကာလမတိုင်ခင် ဆန်၊ ဆီ၊ ဆား စတဲ့ ပစ္စည်းလှူဒါန်းထောက်ပံ့သွားမှာဖြစ်ပြီး သံဃာတော်တွေအနေနဲ့ ဆွမ်းခံထွက်စရာ မလိုတော့ဘူးလို့ တိုင်းအစိုးရဖွဲ့ ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီအတွင်းရေးမှူး ဦးလှသိန်းက ပြောပါတယ်။  တာမွေမြို့နယ်မှာတော့ ဘုန်းကြီးကျောင်းပေါင်း ၇၃ ကျောင်းရှိပြီး သံဃာတော် ၁၆၃၆ ပါးနဲ့ သီလရှင် ၄ ပါး တို့ သီတင်းသုံးနေထိုင်နေပါတယ်။ ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ်ကိုတော့ အတိအကျ ညွှန်ကြားချက် ထုတ်ပြန်ထားတာ မရှိသေးဘူးလို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးက ပြောပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်မှတော့ ဘုန်းကြီးကျောင်းပေါင်း ၁၈၅ ကျောင်းရှိပြီး သံဃာတော်ပေါင်း ၃၅၃၅ ပါးရှိပြီး သီလရှင် ၈၅၄ ပါးရှိတယ်လို့ ဆိုပါတယ်။
1 year Ago
Up