ဘုန်းကြီးကျောင်းကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းပြီး မူးယစ်ဆေးသုံးသည့် ဘုန်းကြီး ၂ ပါးကို ဖမ်းဆီး

May 24, 2017

ဘုန်းကြီးကျောင်းကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းပြီး မူးယစ်ဆေးသုံးသည့် ဘုန်းကြီး ၂ ပါးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဆမွတ်ပရာခန်ခရိုင်ထဲမှ ဘုန်းကြီးကျောင်းတကျောင်းထဲမှာ မူးယစ်ဆေးဝါး သုံးစွဲခဲ့တဲ့ ဘုန်းကြီး ၂ ပါးကို ရဲတွေက သက်သေခံ မူးယစ်ဆေးဝါးတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးခဲ့ပါတယ်။ သတင်းအရ ရဲတွေဟာ ဝတ်လန်ဖာ့ဖာဘုန်းကြီးကျောင်းထဲကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့ရာမှ ခုလို မူးယစ်ဆေးဝါးတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ မေလ ၂၃ ရက်နေ့က ဖော်ပြပါတယ်။ အသက် ၂၁ နှစ်အရွယ် နက်ကရင် အေမာရို အမည်ရတဲ့ ဘုန်းကြီးကိုတော့ သူ့ရဲ့ သင်္ကန်းဝတ်ရုံထဲမှာ မူးယစ်ဆေးပြားတွေကို ဝှက်ထားပြီး သုံးစွဲနေချိန်မှာ ရဲတွေက ပက်ပင်းဖမ်းမိခဲ့တာပါ။ ဗုဒ္ဓဆင်းတုတော်တဆူထားရှိရာ စင်ပေါ်မှာတော့ ပလတ်စတစ်အိတ်အကြည်နဲ့ ထုပ်ထားတဲ့ ယာဘ စိတ်ကြွမူးယစ်ဆေးပြား ၆ ပြားအပြင် တခြား မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သူ့ရဲ့အခန်းတွင်း တွေ့ခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သူ့ရဲ့အခန်းနဲ့ တွဲဆက်ထားတဲ့ နောက်အခန်းတခန်းထဲမှာတော့ လက်နှိပ်ဓာတ်မီး အဝါရောင်ထဲမှာ ထည့်သွင်းဝှက်ထားခဲ့တဲ့ မူးယစ်ဆေးပြား ၆၀ ကျော်ကို တွေ့ရှိခဲ့ပါတယ်။ ဘုန်းကြီးကျောင်းတွင်းက နောက်ထပ် အခန်းတခန်းကတော့ အသက် ၂၄ နှစ်အရွယ် တဝပ်ချိုင် ကီတိဝါရို အမည်ရ ဘုန်းကြီးရဲ့အခန်းဖြစ်ပြီး စစ်ဆေးချိန်မှာတော့ သူဟာလည်း အတူတကွ သုံးစွဲခဲ့တယ်လို့ ဝန်ခံထွက်ဆိုခဲ့တာပါ။ မူးယစ်ဆေးဝါး ဝယ်ယူမှုမှာ အသုံးပြုခဲ့တဲ့ ယာမဟာဖီနို ဆိုင်ကယ်တစီးကိုလည်း ရဲတွေက တွေ့ရှိခဲ့ကြပြီး နက်ကရင်က သူတို့ဟာ ဘွိုင်းလို့ အမည်ရတဲ့ အမျိုးသားတဦးဆီကနေ ပုံမှန်ဝယ်ယူခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ အဲဒီဘုန်းကြီး ၂ ပါးကို ရဲစခန်းမှာ ထိန်းသိမ်းထားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up