စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သာရိုးကုန်းကို လူဦးရေစာရင်းကောက်ခံတဲ့အဖွဲ့ ဒီနေ့ ဇန်နဝါရီ ၁၂ ရက် မနက် ၉ နာရီက မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဘုတလင်မြို့နယ်မှာ စစ်ကောင်စီက ဇန်နဝါရီ ၁၀ ရက်ကစတင်ပြီး လူဦးရေစာရင်း ကောက်ခံနေတာဖြစ်ပါတယ်။
ဘုတလင်ဒေသခံတဦးက “မနက် ၇ နာရီလောက်က ဘုတလင်မြို့ကနေ သာရိုးကုန်းရွာဘက်ကို စထွက်တယ်။ ရွာမရောက်ခင်မှာ တော်လှန်ရေးအင်အားစုတွေက ဝိုင်းပစ်တယ်။ အဲလိုပစ်လို့ ဘုတလင်ဘက် ပြန်ဆုတ်တာကို မိုင်း ၂ လုံးဆွဲ တိုက်ခိုက်ခဲ့တယ်ဗျ။ အထိအခိုက် အကျအဆုံးတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ဘုတလင်မြို့နယ်မှာ ဇန်နဝါရီ ၁၀ ရက်က ကျောက်အိုးရွာကို လူဦးရေစာရင်း ကောက်ခံဖို့ ထွက်သွားတဲ့ စစ်ကောင်စီအဖွဲ့တွေလည်း မိုင်းဆွဲခံရသလို ဇန်နဝါရီ ၁၁ ရက်က ဘုတလင်မြို့ပေါ်မှာ ပြန်လည်ကောက်ခံရာမှာလည်း ပြည်သူ့ကာကွယ်ရေးဘက်က ခုံမင်းကြီးရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်အနီးမှာ ထပ်မံ မိုင်းဆွဲခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကလည်း လူဦးရေစာရင်း ကောက်ခံရာမှာ NUG အစိုးရရဲ့ ရပ်ကျေးပအဖ မဖွဲ့စည်းရသေးတဲ့ရွာတွေကို ပစ်မှတ်ထား ကောက်ခံနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီအဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ သာရိုးကုန်းရွာဟာ စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘုတလင်မြို့နယ်နဲ့ ၂ မိုင်ပဲဝေးတဲ့ ရွာတရွာဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ ဇန်နဝါရီ ၉ ရက် မနက်က စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်လို့ ပြည်သူတဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ မြို့ခံ ပြည်သူများဆီက သိရပါတယ်။
အဆိုပါဒဏ်ရာရရှိသူဟာ လင်းလဲ့မြေ စိုက်ပျိုးရေးဆေးဆိုင်ပိုင်ရှင် ကိုနွယ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။
ပစ်ခတ်ခံရသူနှင့် ရင်းနှီးသူတဦးက“မနက်ခင်းက ပစ်ခတ်ခံရတာ။ လက်နက်ကြီးကျည်ဗျ။ သူ့ဆိုင်ရှေ့ကျပြီး ပေါက်ကွဲတာ။ ဆိုင်ရှေ့က တံခါးတွေလည်း အကုန်ပျက်စီးကုန်တယ်။ လူကတော့ ပေါင်ကိုထိမှန်တယ်။ ဒဏ်ရာကြီးတယ်ဗျ။ ၆ ချက်လောက် ချုပ်ထားရတယ်။ ဆေးကုသမှု ခံနေရတယ်” လို့ ပြောပါတယ်။
ဘုတလင်မြို့ပေါ်က စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ စစ်ကောင်စီတပ်က ရပ်ကွက်တွေထဲ ရမ်းသန်းပစ်ခတ်တာတွေ အကြိမ်ကြိမ်ပြုလုပ်လာပြီး အခုလို ထိခိုက်တာတွေ ဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၉ ရက် မနက်ကလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတို့ ဘုတလင် အထက ၁ အနီး ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့လည်း ဘုတလင်မြို့ခံတွေက ပြောပါတယ်။