ဘီးလင်း

September 27, 2021

ဘီးလင်းမြို့နယ်က ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊အလူးလေးကျေးရွာက ကြံ့ခိုင်ရေးပါတီဝင် တယောက် စက်တင်ဘာ ၂၇ ရက် ဒီနေ့ နေ့လယ် ၁ နာရီခွဲလောက်မှာ  သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင် ဦးသန်းထွန်းဝင်းကို သူကိုယ်ပိုင်ဖွင့်ထားတဲ့ ထမင်းဆိုင်မှာ အမည်မသိ သေနတ်သမား နှစ်ယောက်က ဆိုင်ကယ်နဲ့ လာရောက်ပြီး သေနတ်နဲ့ ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဦးသန်းထွန်းဝင်းဟာ သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် သေနတ်ဒဏ်ရာ ၂ ချက် ရရှိခဲ့ပြီး ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့တာပါတယ်။

ဦးသန်းထွန်းဝင်းဟာ ပြီးခဲ့တဲ့မေလက သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတဲ့ ဘီးလင်းမြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေရဲ့ ယောက်ဖဖြစ်တယ်လို့ ဒေသခံတွေက  ပြောပါတယ်။

ဦးသန်းထွန်းဝင်းကို လုပ်ကြံခဲ့တာဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဘီးလင်း တော်လှန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဦးသန်းထွန်းဝင်းဟာ စစ်ကောင်စီကို သတင်းပေးပြီး တော်လှန်ရေး အင်အားစုတွေကို အနှောင့်အယှက်ပေးနေလို့ သုတ်သင်ရတာလို့ ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ သတင်းပေး ဒလန်တွေနဲ့ စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို ဆက်လက် ချေမှုန်းသွားမယ်လို့ ဘီးလင်းတော်လှန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

19 hours Ago

September 18, 2021

မွန်ပြည်နယ်တွင် တစ်ရက်တည်း Mytel တာဝါတိုင် ၂ တိုင် ဗုံးခွဲဖျက်ဆီးခံရ

မွန်ပြည်နယ်မှာ စက်တင်ဘာ ၁၇ ရက်နေ့ တစ်ရက်တည်း စစ်တပ်ပိုင်  Mytel တာဝါတိုင် ၂  တိုင် ဗုံးခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက  ဒီဗွီဘီကို ပြောပါတယ်။

ဘီးလင်းမြို့နယ်၊ ကော့ကဒွတ်ကျေးရွာက Mytel တာဝါတိုင်ကို စက်တင်ဘာ ၁၇ ရက် ည ၈ နာရီလောက်က  အမည်မသိ လူတစုက ဗုံးခွဲဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရေးမြို့နယ်၊ ကျောက်မိချောင်းတောင်ပိုင်းကျေးရွာအနီးက Mytel တာဝါတိုင်ကိုလည်း မနေ့ ည ၇ နာရီလောက်မှာ  ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲဖျက်ဆီးခဲ့ပါတယ်။

ဗုံးခွဲဖျက်ဆီးခံရတဲ့ Mytel တာဝါတိုင် ၂ တိုင်လုံး ပြိုကျပျက်စီးတာ မရှိပေမယ့် မီးစက်နဲ့ ဆက်သွယ်ရေးစက်ပစ္စည်းတွေ ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

Mytel တာဝါတိုင်တွေကို အာဏာသိမ်းစစ်ကောင်စီက လုံခြုံရေးချထားတဲ့ကြားက ဗုံးခွဲဖျက်ဆီး ခံလိုက်ရတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာက Mytel တာဝါတိုင် ဗုံးခွဲဖောက်ဖျက်ဆီးခံရပါတယ်။ ဒါကြောင့် မွန်ပြည်နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဗုံးခွဲဖျက်ဆီးခံရတဲ့  Mytel တာဝါတိုင် ၃ တိုင် ရှိသွားပြီ ဖြစ်ပါတယ်။

NUG အစိုးရက ခုခံတွန်းလှန်စစ်ပွဲစတင်ကြေညာတဲ့ စက်တင်ဘာ ၇ ရက်ကစပြီး မြန်မာ တနိုင်ငံလုံးက Mytel ဆက်သွယ်ရေးတာဝါတိုင်ပေါင်း  ၂ဝဝဝ ကျော်ရှိတဲ့ အနက် ဒေသဆိုင်ရာ PDF တွေက  Mytel တိုင်ပေါင်း ၈၀ လောက်ကို ဖျက်ဆီးထားပါတယ်။ 

Mytel ဆက်သွယ်ရေးတာဝါတိုင်တွေဖျက်ဆီးခံရတဲ့အတွက် လူပေါင်း ၇ သိန်းလောက် အင်တာနက် မရကြတော့ဘူးလို့ Mytel ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြည်ပမီဒီယာတစ်ခုကို ပြောကြား ထားပါတယ်။ 

1 week Ago
More News
Up