ဘီးလင်းမြို့တွင် ယာဉ်တိမ်းမှောက်ရာ

May 15, 2017

ဘီးလင်းမြို့တွင် ယာဉ်တိမ်းမှောက်ရာ ၃ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရ

မွန်ပြည်နယ် ဘီးလင်းမြို့ ဗိုလ်တေဇရပ်ကွက်တွင် မေလ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဘီးလင်းမြို့မ ရဲစခန်းက ပြောပါတယ်။ ဖာပွန်မြို့နယ် ဝါးကော်ကျေးရွာနေ ယာဉ်မောင်း ကညောထူး မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်ဟာ ဘီးလင်းမြို့ ဗိုလ်တေဇရပ်ကွက်အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်ဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ တာပါ။ ဘီးလင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက "ယာဉ်ကအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကို ထိုးမှောက် သွားတာ။ ယာဉ်ပေါ်ပါလာတဲ့လူတွေထဲမှာ ၃ ဦးကသေဆုံးပြီး ၅ ဦးကဒဏ်ရာရ သွားတယ်။ ယာဉ်မောင်းကတော့ ထွက်ပြေးသွားတယ်။ ယာဉ်မောင်းဖြစ်သူကို ဖမ်းဆီးရမိရေး အတွက်လည်း ဆောင်ရွက်နေပါတယ်''လို့ ပြောပါတယ်။ ယာဉ်ပေါ်လိုက်ပါလာတဲ့ စောကလို့မယ် (၄၀)နှစ်၊ စောဘော်လုံး (၁၅)နှစ်၊ စောဇူမူအေး (၁၅)နှစ်တို့ ၃ ဦးမှာ သေဆုံးသွားပြီး မဖောအယ်မှူး၊ ဒေါ်လှယူ၊ အဲမုဒါး၊ ကျော်ဇင်မောင်၊ သက်စိုးဦး ဘားအံမြို့နယ်နေသူ ၅ ဦးမှာ ဒဏ်ရာအသီးသီးရရှိခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ ဘီးလင်းမြို့မရဲစခန်းက ပြောပါတယ်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်း ကညောထူး ကို ဘီးလင်းမြို့မရဲစခန်းမှ ယာဉ်(ပ)၂၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/ ၃၃၈/ ၃၃၇ အရအမှုဖွင့်လှစ်ထားပြီး ထွက်ပြေးသွားတဲ့ မော်တော်ယာဉ်မောင်းကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ယူမင်းစိုး
4 years Ago
Up