ဘီးလင်း

July 29, 2018

ဘီးလင်းမြို့ အခြေခံပညာမူလတန်းကျောင်း ရေနစ်မြုပ်မှုမြင်ကွင်း (ရုပ်သံ)

မွန်ပြည်နယ်မှာ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၁ဝ၂၂ ကနေ ၁ဝ၉၈ စင်တီမီတာအထိ ကျော်လွန်နေပြီး အခြေခံပညာမူလတန်းကျောင်း ရေကြီးနစ်မြုပ်နေပုံကို အဲဒီနေရာကို ရောက်ရှိနေတဲ့ ဒီဗွီဘီသတင်းထောက် ရိုက်ကူးထားပါတယ်။ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ဇူလိုင် ၂၈ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာ ၁၃ ခုမှာ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၃၂ ခု ဖွင့်လှစ်ထားရပြီး အိမ်ခြေ/ အိမ်ထောင်စု ၁၈၁၅ စု၊ လူဦးရေ ၇၆၅၂ ယောက်ရှိပါတယ်။ ရုပ်သံ - ညီငယ်
3 years Ago

မွန်​ပြည်​နယ်​၊ ဘီးလင်း လတ်တ​လော​ရေကြီးမှု ပုံရိပ်​များ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ဇူလိုင် ၂၈ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာ ၁၃ ခုမှာ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၃၂ ခု ဖွင့်လှစ်ထားရပြီး အိမ်ခြေ/ အိမ်ထောင်စု ၁၈၁၅ စု၊ လူဦးရေ ၇၆၅၂ ယောက်ရှိပါတယ်။ ဇူလိုင် ၂၆ ရက်နေ့ကတည်းက ရေကြီးပြီး အဝေးပြေးကားလမ်း ၄ မိုင်လောက် ယာဉ်ကြောပိတ်ဆို့နေပြီး ကားလမ်းတွေလည်း ပိတ်ထားရတာပါ။ ရေကြီးပြီး လမ်းတွေပိတ်ထားရလို့ ခရီးသွားဧည့်သည်တချို့ကို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး လာရာလမ်းအတိုင်း ပြန်လည်ပို့ဆောင်ပေးနေပါတယ်။ ရေကြီးမှုကြောင့် မြွေကိုက်လို့ ဆေးရုံတင်ရသူ ၂ ဦး၊ ကူညီကယ်ဆယ်ချိန် ရေထဲမျောပါ ပျောက်ဆုံးသူ တပ်မတော်သား ၃ ဦးရှိပါတယ်။ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၁ဝ၂၂ ကနေ ၁ဝ၉၈ စင်တီမီတာအထိ ကျော်လွန်နေပါတယ်။ ဓာတ်​ပုံ-ထက်​လူ
3 years Ago

July 28, 2018

ဘီးလင်းတွင် ရေဘေးကယ်ဆယ်နေသည့် တပ်မတော်သား ၃ ဦး ရေထဲမျောပါ ပျောက်ဆုံး

တမြို့လုံးနီးပါးရေဖုံးလွှမ်းပြီး ကားတန်းအရှည် ၄ မိုင်ကျော် လမ်းပိတ်နေတဲ့ မွန်ပြည်နယ် ဘီးလင်းမြို့မှာ မနေ့ညနေပိုင်းက ကူညီကယ်ဆယ်ပေးနေတဲ့ ခလရ ၂ မှ တပ်မတော်သား ၃ ဦး ရေထဲမျောပါသွားပြီး ပျောက်ဆုံးနေတယ်လို့ ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ "မျောသွားတာက ၃ ယောက်ပါ။ အခုထိတော့ မတွေ့သေးဘူး၊ နေ့ခင်းက ၁ နာရီဝန်းကျင်ကပါ။ ၇ ယောက်တော့ မဟုတ်ပါဘူး၊ ရှာဖွေနေကြတုန်းပါ။ အခုပြည်သူလူထုကိုလည်း သက်ဆိုင်ရာကျန်းမာရေးဌာနတွေနဲ့ပူးပေါင်းပြီးတော့ တာဝန်တွေခွဲပြီး ကယ်ဆယ်ရေးစခန်းတွေမှာ ကယ်ဆယ်ထားပါတယ်" လို့ ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲက ပြောပါတယ်။ လက်ရှိမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၂၇ ခုအထိ ဖွင့်ထားရပြီး ခရီးသွားဧည့်သည်အချို့မှာ ကားလမ်းတွေ ၂ ရက်လောက် ပိတ်နေတာကို မစောင့်နိုင်လို့ တခေါက် ၅ဝဝဝ ပေးရတဲ့ စက်လှေတွေနဲ့ ဖြတ်ကူးနေကြတာကြောင့် တားမြစ်နေရတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ "ခရီးသွားဧည့်သည်တွေကို ကျနော်တို့ ထမင်းထုပ်တွေဝေပေးနေပါတယ်။ တချို့က မစောင့်နိုင်တော့လို့ စက်လှေတွေနဲ့ကူးနေတာတွေရှိတယ်။ ဒါပေမယ့် ကျနော်တို့ ရေစီးအရမ်းသန်တော့ မကူးဖို့ တားဆီးထားတယ်။" ဘီးလင်းမြို့နယ်မှာ စိုးရိမ်ရေအမှတ် ၁ဝ၂၂ စင်တီမီတာ ထက်ကျော်လွန်ပြီး ၁ဝ၉၂ အထိ ရေတက်လာတာကြောင့် ကားလမ်းတွေရေကျော်ပြီး ဇူလိုင် ၂၆ ရက်နေ့ညကတည်းက လမ်းပိတ်ထားခဲ့ရတာပါ။ ဘီးလင်းရေကြီးမှုကြောင့် ရေဘေးသင့်ပြည်သူ ၁ သောင်းဝန်းကျင်ကို မွန်ပြည်နယ်အစိုးရအဖွဲ့အပါအဝင် မွန်ပြည်နယ်မှ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ နီးစပ်ရာတိုင်းဒေသကြီးမှ ကယ်ဆယ်ရေးအဖွဲ့တွေ၊ တပ်မတော်သားတွေနဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက ကူညီကယ်ဆယ်နေကြပြီး အလားတူ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးမှာလည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပါတယ်။ သတင်း - အာကာမင်း ဓာတ်ပုံ - Zin Moe
3 years Ago
Up