ဘီအမ်ဒဗလျူကား

February 22, 2017

ဘီအမ်ဒဗလျူကားအား ဝင်တိုက်ပြီး ရိုးရိုးသားသားဝန်ခံခဲ့သည့် ကျောင်းသားကို ဆုချီးမြှင့် (ရုပ်သံ)

တရုတ်နိုင်ငံမှ အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက် ကျောင်းသားလေးတဦးဟာ သူ့ရဲ့ ရိုးသားမှုအတွက် ယွမ်ငွေ ၁ သောင်း ဆုချီးမြှင့်ခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ခရိုင်၊ ဇောင်ကျိုးမြို့မှာ ဖြစ်ခဲ့ပြီး သူစိမ်း ၂ ဦးကြား ရိုးသားမှုနဲ့ ချစ်ခြင်းမေတ္တာတရားကို ပေါ်လွင်စေခဲ့ပါတယ်။ အဲဒီ ယွမ်ငွေ ၁ သောင်းကို ဘီအမ်ဒဗလျူအက်ခ်စ်ဖိုက် ကားပိုင်ရှင်ဖြစ်တဲ့ ဇူးဇန်မင်က ကျောင်းသားလေးရဲ့ ရိုးသားမှုနဲ့ အမှားကို ဝန်ခံတတ်တဲ့စိတ်ကို သဘောကျလို့ ပေးခဲ့တာပါ။ မနက်ခင်းတခုမှာ ဇူးဇန်မင်ဟာ ရပ်ထားတဲ့ သူ့ရဲ့ကားမှာ တခုခုနဲ့တိုက်မိထားလို့ ထင်ကျန်နေတဲ့ အစင်းတွေကို တွေ့ခဲ့ရတာပါ။ သူဟာ ရဲကိုခေါ်ဖို့ လုပ်နေချိန်မှာပဲ ကားမှန်ပေါ်မှာ ကပ်ထားခဲ့တဲ့ စာတစောင်နဲ့အတူ ညှပ်ထားခဲ့တဲ့ ငွေစက္ကူ  ၃၁၁ ယွမ်ကို တွေ့မြင်ခဲ့ရတာပါ။ စာထဲမှာတော့ “အန်ကယ်ခင်ဗျာ။ ကျနော် မနေ့ညက ကျနော့်ရဲ့ လျှပ်စစ် ၃ ဘီးဆိုင်ကယ်နဲ့ အန်ကယ့်ကားကို တိုက်မိခဲ့ပါတယ်။ ကျနော့်မှာ ယွမ် ၃၀၀ ပဲပါလို့ ဒါကိုပဲ လျော်ကြေးအဖြစ် ထားခဲ့ပါတယ်။ ဒါနဲ့ မလုံလောက်ဘူးဆိုတာကို သိပေမယ့် ဒါဟာ ကျနော့်မှာရှိသမျှ အကုန်ပါပဲ။ ခုလို မတော်တဆ ဖြစ်ခဲ့ရတဲ့အတွက် ကျနော် စိတ်မကောင်းပါဘူး” လို့ ရေးထားခဲ့ပါတယ်။ ဇူးဟာ တောင်းပန်စာကို ဖတ်ပြီးချိန်မှာ အဲဒီ ဆယ်ကျော်သက်ကလေးဟာ ဆင်းရဲတဲ့ မိသားစုတခုကဖြစ်ပြီး အားလပ်ရက်မှာ အချိန်ပိုင်း အလုပ်လုပ်နေတာဖြစ်မယ်လို့ သိခဲ့ကာ သူ့ရဲ့ ရိုးသားတဲ့စိတ်ကို လေးစားပြီး တွေ့ချင်ခဲ့တာလို့ ဆိုပါတယ်။ “ဒါကြောင့် ကျနော် ကောင်လေးကို ရှာဖွေဖို့ ရဲတွေကို အကူအညီတောင်းခဲ့ပါတယ်။ ကျနော် သူ့ရဲ့ ငွေ ၃၁၁ ယွမ်ကိုရော ကျနော့်ဆီကပါ ထပ်ပြီး သူ့ကို ငွေကြေးထောက်ပံ့ပေးချင်လို့ပါ။” ခုလိုရှာဖွေနေတာကို ဒေသတွင်း သတင်းမီဒီယာတွေကနေတဆင့် တစတစနဲ့ ဒီသတင်းဟာ ပျံ့နှံ့သွားပြီးချိန်မှာတော့ အဲဒီဆယ်ကျော်သက်ကျောင်းသား ချန်ယီဖန်းကို ရှာဖွေနိုင်ခဲ့ပါတယ်။ ချန်ယီဖန်းက “ကျနော် အော်ဒါမှာထားတဲ့ အစားအစာပို့ပြီး အပြန်လမ်းမှာ ဆိုင်က ကျနော့်ဆီ ဖုန်းဝင်လာခဲ့ပြီး နောက်ထပ်အော်ဒါမှာထားတာကို ထပ်သွားနိုင်ဖို့ ပြောခဲ့ပါတယ်။ အဲဒီလို ဖုန်းပြောနေချိန်မှာပဲ ကျနော် ကားကို ဝင်တိုက်မိခဲ့တာပါ။ ဆိုင်မှာလည်း ကျနော့်ကို စောင့်နေမှာမို့ ကျနော် အော်ဒါမှာထားတာကို ထပ်ပို့ဖို့ အမြန်ပြန်သွားခဲ့ရတယ်။ ဒါကြောင့် ကျနော် အော်ဒါကို အရင် ပြီးအောင်ပို့ခဲ့ပြီးမှ ဒီကိုပြန်လာ တောင်းပန်စာတစောင်ရေးပြီး ထားခဲ့ရတာပါ” လို့ ပြောပါတယ်။
4 years Ago
Up