ဘီလ်ဂိတ်စ်

July 18, 2016

လာမည့်ငါးနှစ်အတွင်း အာဖရိကဖွံ့ဖြိုးရေး ဒေါ်လာ ၅ ဘီလျံ မြှုပ်နှံမည်ဟု ဘီလ်ဂိတ်စ်ပြော

နည်းပညာလုပ်ငန်းရှင်ကြီးနဲ့ ပရဟိတအလှူရှင် ဘီလ်ဂိတ်စ်က သူ့ဖောင်ဒေးရှင်းဟာ လာမယ့်ငါးနှစ်မှာ အာဖရိက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ ၅ ဘီလျံ ရင်းနှီးမြှုပ်နှံမယ်လို့ ဇူလိုင် ၁၇ ရက်က ပြောလိုက်ပါတယ်။ ပရက်တိုးရီးယားမြို့က နယ်လ်ဆင်မန်ဒဲလားရဲ့ ၁၄ နှစ်ပြည့် နှစ်ပတ်လည်အတွက် မှတ်ချက်ပြောအပြီး မီဒီယာနဲ့ တွေ့ချိန်မှာ ခုလို ပြောတာပါ။ ဘီလ်နဲ့ မလင်ဒါ ဂိတ်စ် ဖောင်ဒေးရှင်းရဲ့ ရင်းနှီးမြှုပ်နှံမှု ၃ ပုံ ၂ ပုံဟာ ကျန်းမာရေး ကိစ္စတွေမှာ အာရုံစိုက်ထားမယ်လို့လည်း သူက ပြောပါတယ်။ ခုခံအားကျဆင်းမှု ကူးစက်ပိုး (အိတ်ခ်ျအိုင်ဗွီ) နဲ့ အဆုတ်နာရောဂါ တီဘီတို့ ကူးစက်မှုနဲ့ ပတ်သက်ပြီး အများကြီး လုပ်နေတယ်လို့လည်း သူက ပြောပါတယ်။ ဘီလ်ဂိတ်စ်ဟာ မိုက်ခရိုဆော့ဖ်လုပ်ငန်းရဲ့ အမှုဆောင် အရာရှိချုပ်ဟောင်းဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတွေထဲက တဦးပါ။ သူ့ရဲ့ဖောင်ဒေးရှင်းက အာဖရိကတိုက်မှာ အမေရိကန်ဒေါ်လာ ၉ ဘီလျံကျော် ရင်းနှီးမြှုပ်နှံပြီးပြီလို့ မီဒီယာတွေက အစီရင်ခံပါတယ်။ သူဟာ ဇူလိုင် ၁၈ ရက်မှာ စတင်ပြီး လေးရက်ကြာကျင်းပမယ့် နိုင်ငံတာ AIDS ညီလာခံကို တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။
5 years Ago

January 26, 2016

ငှက်ဖျားကြောင့် လူသေဆုံးမှု အဆုံးသတ်ရေး ဗြိတိန်အစိုးရနှင့် ဘီလ်ဂိတ်စ်တို့ ကူညီမည်

ဗြိတိန်အစိုးရနဲ့ မိုက်ခရိုဆော့ဖ်ကို တည်ထောင်သူ ဘီလျံနာ သူကြွယ်ကြီး ဘီလ်ဂိတ်စ်တို့ ပူးပေါင်းပြီး လာမယ့် ၅ နှစ်အတွင်း ငှက်ဖျားကြောင့် လူသေဆုံးမှု အဆုံးသတ်ရေး အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလျံ ကူညီဖို့ ကတိပြုလိုက်ပါတယ်။ ဘဏ္ဍာရေးဝန်ကြီး ဂျော့ခ်ျ အော့စ်ဘုံးက အသုံးစရိတ်တွေကို ဗြိတိန်ရဲ့ နိုင်ငံခြားကူညီရေး အသုံးစရိတ်ကနေ ရန်ပုံငွေ ထောက်ပံ့မယ်လို့ ပြောပါတယ်။ ဘီလ် အန် မေလင်ဒါ ဂိတ်စ် ဖောင်ဒေးရှင်းကတော့ တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ နှုန်း ထည့်ဝင်လှူဒါန်းမယ်လို့ ဆိုပါတယ်။ ဗြိတိန် သိပ္ပံပညာကိုသုံးပြီး ကမ္ဘာပေါ်ကနေ ငှက်ဖျားပပျောက်အောင် ပေါင်စတာလင် ၃ ဘီလျံ ပူးတွဲလှူဒါန်းဖို့ ကတိပြုတယ်လို့ ဗြိတိန် ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။ အသက်တွေကို ကယ်နိုင်ရုံသာမက ပိုဘေးကင်းလုံခြုံတဲ့ ကမ္ဘာကို ဖန်တီးနိုင်လိမ့်မယ်လို့လည်း သူက ဆက်ပြောပါတယ်။ လီဗာပူး အပူပိုင်းဒေသ ဆေးပညာတက္ကသိုလ်ကို ဂိတ်စ်တို့ ဇနီးမောင်နှံနဲ့အတူ လည်ပတ်ရင်း ခုလိုပြောတာပါ။ ငှက်ဖျားကြောင့် တနှစ်ကို ကမ္ဘာတလွှား ကလေးငယ် ၆ သိန်း သေဆုံးနေပြီး အသက် ၅ နှစ်မတိုင်မီ ကလေးသေဆုံးမှု စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း ဖြစ်နေတာပါ။ ၂၀၁၅ ခုနှစ်မှာ ငှက်ဖျားကြောင့် လူသေဆုံးနှုန်းက ၄ သိန်း ၃ သောင်း ၈ ထောင်ထိ ကျဆင်းသွားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (ဒဗလျူအိတ်ခ်ျအို) က ဒီဇင်ဘာလမှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ဒါဟာ သက္ကရာဇ် ၂၀၀၀ ခုနှစ်ကထက် ထက်ဝက်နီးပါး လျော့ကျသွားခဲ့တာပါ။ ကုလသမဂ္ဂကတော့ ၂၀၃၀ မတိုင်မီ ခြင်ကြောင့်ဖြစ်တဲ့ ငှက်ဖျား ကူးစက်သေဆုံးမှုကို ၉၀ ရာခိုင်နှုန်း လျှော့ချချင်နေပြီး သိပ္ပံပညာရှင်တွေကတော့ ၂၀၄၀ မှာ ငှက်ဖျားပပျောက်ရေး ရည်မှန်းထားကြပါတယ်။ ကမ္ဘာတလွှား ဆင်းရဲမွဲတေမှုနဲ့ ရောဂါတိုက်ဖျက်ရေးအတွက် ဂိတ်စ် ဖောင်ဒေးရှင်းကို သက္ကရာဇ် ၂၀၀၀ မှာ ဘီလ်ဂိတ်စ်တို့ ဇနီးမောင်နှံက တည်ထောင်ခဲ့ကြပါတယ်။
6 years Ago
Up