ဘီလာရုစ်တွင်

September 30, 2017

ဘီလာရုစ်တွင် စစ်ရေးလေ့ကျင့်အပြီး ရုရှားစစ်တပ်များ ချန်ထားခဲ့ဟု ယူကရိန်းပြော

ဘီလာရုစ်နိုင်ငံအတွင်း စစ်ရေးလေ့ကျင့်အပြီး ရုရှက စစ်တပ်တွေ ထားခဲ့တယ်လို့ ယူကရိန်း စစ်တပ် အဆင့်မြင့် အရာရှိက ပြောလိုက်ပါတယ်။ ရုရှားအစိုးရဟာ ဘီလာရုစ်နိုင်ငံတွင်း စစ်ရေးလေ့ကျင့်မှု အပြီးမှာ တပ်တွေကို မထားခဲ့ဘူးလို့ ကတိပေးထားပေမယ့် တပ်တွေကို ထားခဲ့တယ်လို့ ယူကရိန်း စစ်ဦးစီး အရာရှိချုပ် ဗစ်တာ မူဇံကိုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ရုရှားဟာ ဘီလာရုစ်ကနေ တပ်ဖွဲ့နည်းနည်းကိုသာ ပြန်ဆုတ်ခွာခဲ့ပြီး စစ်သား ဘယ်လောက် ကျန်ခဲ့မယ်ဆိုတဲ့အချက်ကို လိမ်ပြောခဲ့တယ်လို့ မူဇံကိုက စက်တင်ဘာ ၂၈ ရက်နေ့ က ပြောပါတယ်။ သူ့မှတ်ချက်ကြောင့် အိမ်နီးချင်း ၂ နိုင်ငံကြား တင်းမာမှု မြင့်လာနိုင်ပါတယ်။ ဘီလာရုစ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရကတော့ ရုရှားစစ်တပ်နဲ့ ပစ္စည်းကိရိယာတွေကို တင်ထားတဲ့ နောက်ဆုံးရထားဟာ စက်တင်ဘာ ၂၈ ရက်နေ့က ဘီလာရုစ်နိုင်ငံထဲက ထွက်သွားပြီလို့ ပြောခဲ့ပါတယ်။ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကတော့ ချက်ချင်းတုံ့ပြန်မှတ်ချက်ပေးတာ မလုပ်သေး ပါဘူး။ ယူကရိန်းနဲ့ရုရှားအစိုးရ ၂ ရပ်ကြား ဆက်ဆံရေးက အခြေနေဆိုးရွားနေတာပါ။ လတ်တလောမှာ ရုရှားအစိုးရက ယူကရိန်းရဲ့ ဒွန်ဘတ်စ်ဒေသထဲမှာ တိုက်ဖို့ လက်နက်ကြီးတွေနဲ့ စစ်တပ်တွေ စေလွှတ်ခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲပြီး ရုရှားအစိုးရက စွဲချက်ကို ငြင်းပါတယ်။ ဘီလာရုစ် စစ်ရေးလေ့ကျင့်မှုဟာ နိုင်ငံတကာ ဥပဒေနဲ့ညီပြီး ကာကွယ်ရေး သက်သက် လေ့ကျင့်တာလို့ ရုရှားက ပြောပါတယ်။
4 years Ago
Up