ဘီလာရုစ်

A d v e r t i s e m e n t With Us

August 3, 2020

ကြေးစားစစ်သည် ၃၀ ကျော် ဖမ်းဆီးထားမှု ရုရှားနှင့်ဘီလာရုစ် အငြင်းပွား

ရုရှားကြေးစား စစ်သည်တွေလို့ ဘီလာရုစ်အစိုးရက စွပ်စွဲဖမ်းဆီးထားတဲ့ လူ ၃၀ ကျော် အရေးနဲ့ ပတ်သက်ပြီး ရုရှားနဲ့ ဘီလာရုစ် အစိုးရတို့ရဲ့ အငြင်းပွားမှုဟာ သြဂုတ် ၂ ရက်မှာ ပိုမိုပြင်းထန်လာနေပါတယ်။ ဘီလာရုစ် သမ္မတ ရွေးကောက်ပွဲ ကျင်းပရာ သြဂုတ် ၉ ရက်မတိုင်ခင်မှာ အဲဒီအမျိုးသား အယောက် ၃၀ ကျော်ကို ဖမ်းခဲ့တာပါ။  ဒီနှစ်အတွက် ရေနံဖြန့်ဖြူးမှု ကန်ထရိုက်အပေါ် သဘောတူညီချက်မရဘဲ ရှိနေပြီး ဘီလာရုစ်နဲ့ အစဉ်အလာ မိတ်ဖက် ရုရှားအစိုးရတို့ကြား ဆက်ဆံရေး ပိုမချောမွေ့ ဖြစ်လာနေတာပါ။ ဒီလူတွေဟာ ဘီလာရုစ်မှာ နေကြတဲ့ ပုဂ္ဂလိက လုံခြုံရေးလုပ်ငန်းက ဝန်ထမ်းတွေဖြစ်ပြီး အစ္စတန်ဘူလ်မြို့ကို သွားမယ့် လေယာဉ်ကို လွတ်သွားလို့ ဘီလာရုစ်မှာ သောင်တင်နေသူတွေလို့ ရုရှားက ပြောပါတယ်။ ဒါပေမဲ့ ဘီလာရုစ် သမ္မတကတော့ ဒီစကားကို သံသယရှိတယ်လို့ ဆိုပါတယ်။  ဒီလူတွေကို ဒီနိုင်ငံထဲမှာ ထားဖို့ ရုရှားနဲ့ သဘောတူညီချက်မရှိဘဲ ဒီအရေးနဲ့ ပတ်သက်ပြီး ဘဲလာရုစ်ဟာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တံခါးဖွင့်ထားတယ်လို့ သမ္မတက ဆက်ပြောပါတယ်။  သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံကို မတည်မငြိမ် ဖြစ်အောင်လုပ်ဖို့ တိုက်ခိုက်ရေးသမား အယောက် ၂၀၀ ကျော် ဘီလာရုစ် နိုင်ငံထဲကို ဝင်လာတယ်ဆိုတဲ့ သတင်းကို အစိုးရက ရအပြီး ဒီလူတွေကို ဒီသီတင်းပတ် အစောပိုင်းက ဖမ်းခဲ့တာလို့ ဘီလာရုစ် အာဏာပိုင်တွေက ပြောပါတယ်။ ဘီလာရုစ် နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးကတော့ ဖမ်းထားတဲ့ လူတွေနဲ့ရော ဘီလာရုစ် ပြည်တွင်းရေးနဲ့ပါ မပတ်သက်ဘူးလို့ ငြင်းပါတယ်။ ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာန အကြီးအကဲကတော့ ဒီဖြစ်ရပ်ကို ၂ နိုင်ငံကြား ညီရင်းအစ်ကို ဆက်ဆံရေး အကျိုးစီးပွားကို ထောက်ရှုဖြေရှင်းမယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့တယ်လို့ ရုရှားအခြေစိုက် ရီယာသတင်းမှာ ဖော်ပြထားပါတယ်။
7 months Ago

April 1, 2020

ဘောလုံးပွဲ ဆက်ကျင်းပနေသည့် ဘီလာရုစ်ကို ဖီဖာ အပြင်းအထန်ဝေဖန်

ကမ္ဘာတဝန်းလုံးက ကိုရိုနာဗိုင်းရပ်စ်ခြိမ်းခြောက်နေချိန်မှာ ဘောလုံးပွဲတွေ ဆက်လက်ကျင်းပ နေတဲ့ ဘီလာရုစ်ပရီးမီးယားလိဂ်ရဲ့လုပ်ရပ်ကို တကယ် နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ FIFPro ကပြောပါတယ်။  ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ကမ္ဘာတဝန်းလုံးမှာရှိတဲ့ အဆင့်မြင့်တန်း ဘောလုံးပြိုင်ပွဲတွေကို ရပ်နားထားရပေမယ့် ဘီလာရုစ်ပရီးမီးယားလိဂ်ကတော့ ဆက်လက်ယှဉ်ပြိုင်နေပြီး မရပ်နားသေးတဲ့ တခုတည်းသော ဥရောပလိဂ်လည်း ဖြစ်ပါတယ်။ ဘီလာရုစ်အာဏာပိုင်တွေက နေထိုင်မကောင်းတဲ့လူတွေကို အိမ်မှာပဲနေဖို့ တိုက်တွန်းထားပေမယ့် ဘောလုံးပွဲတွေကို ဆက်လုပ်နေဆဲဖြစ်ကာ ပရိသတ်တွေကိုလည်း လာရောက်အားပေးခွင့်ပြုထားပါတယ်။  ကမ္ဘာလုံးဆိုင်ရာ ကစားသမားအဖွဲ့အစည်းတခုဖြစ်တဲ့ FIFPro ကဘီလာရုစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ လုပ်ရပ်ကို  ဒေါသထွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး လိဂ်ရဲ့ကစားသမားတွေဆီကလည်း စိုးရိမ်သံတွေကြားခဲ့ရတယ်လို့ ပြောပါတယ်။  တခြားနိုင်ငံတွေကို လုပ်သလိုမျိုး တိကျတဲ့ ဆောင်ရွက်ချက်တွေ ချမှတ်ပေးဖို့ သူတို့ကိုတောင်း ဆိုနေတာလို့ FIFPro ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဂျိုနက်စ် ဘာ ဟော့ဖ်မင်းက ပြောပါတယ်။  “ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ဘာလို့ အခုလိုဆက်ယှဉ်ပြိုင်စေလဲဆိုတာကို နားမလည်နိုင်  လောက်အောင်ပါပဲ။ သူတို့နိုင်ငံက တခြားနိုင်ငံတွေရဲ့ပုံစံနဲ့ ဘာ့ကြောင့်မတူရတာလဲ။ ကျနော့်အထင်  တော့ ဒီကိစ္စကို ဘယ်သူမှ ရှင်းပြနိုင်မှာမဟုတ်ဘူးလို့ ထင်ပါတယ်။ တကယ်ဆိုရင် ပုံမှန်ကိစ္စလေးတွေကတောင် ဘီလာရုစ်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ တခြားနိုင်ငံတွေမှာလို ပွဲကိုရပ်နားထားသင့်တယ်ဆိုတာကို ပြသနေပြီး  ကျနော်တို့ဘက်ကတော့ ဒီလိုဖြစ်လာဖို့အတွက် ပြောဆိုစည်းရုံးမှုတွေလုပ်ဆောင်သွားမှာပါ။ ကစားသမား တွေကလည်း ဒီအခြေအနေကို သေချာပေါက် စိုးရိမ်စိတ်ဖြစ်နေပါပြီ။”  ဘီလာရုစ် သမ္မတ  အလက်ဇန်းဒါး လူကာရှန်ကိုကတော့ ဗိုင်းရပ်စ်ကိုကြောက်လို့ လုပ်ငန်းတွေကိုပိတ်လိုက်မယ်ဆိုရင် ဒီအကျိုးဆက်က ဗိုင်းရပ်စ်ထက်ပိုဆိုးရွားတဲ့ ရလဒ်တွေကို ဖြစ်စေလိမ့်မယ်လို့ ပြောပါတယ်။  “ကိုရိုနာကြောင့် တကမ္ဘာလုံး ကယောက်ဂယက်တွေဖြစ်နေပါပြီ။ ဒီလိုစိတ်ခံစားချက်ကြောင့် ကမ္ဘာ့နိုင်ငံတိုင်း နီးပါးရဲ့စီးပွားရေးအခြေအနေဟာ အနည်းနဲ့အများထိခိုက်နေပါပြီ။” ဗော့ဒ်ကာ  သောက်တာနဲ့ ရေနွေးစိမ်တာတို့က ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ် ပေးနိုင်လိမ့်မယ်လို့ သူကဆက်လက်ပြောဆိုခဲ့ပါတယ်။ 
11 months Ago
Up