ဘီလစ်

June 10, 2015

ကစားသမားဟောင်း ဘီလစ်ကို ၀က်စ်ဟမ်းအသင်းက နည်းပြခန့်အပ်

ပရီးမီးယားလိဂ်ကလပ် ၀က်စ်ဟမ်းအသင်းက နောက်ခံ ကစားသမားဟောင်း ဆလာဗန် ဘီလစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ နည်းပြဟောင်း ဆမ်အလာဒျွိက်စ်က နှစ်ဖက် သဘောတူစာချုပ်နဲ့ ပြီးခဲ့တဲ့လထဲမှာ ထွက်သွားခဲ့လို့ နည်းပြသစ်အဖြစ် ဘီလစ်ကို ခန့်အပ်လိုက်တာပါ။ အသက် ၄၆ နှစ်အရွယ် ဘီလစ်ကို ၀က်စ်ဟမ်းအသင်းက ၃ နှစ်စာချုပ်နဲ့ ခေါ်ယူထားတာ ဖြစ်ပါတယ်။ ဘီလစ်ကတော့ ၀က်စ်ဟမ်းက ကိုယ့်အိမ်ကိုယ်ယာလို့ပဲ ခံစားရတဲ့အကြောင်း ပြောဆိုထားပါတယ်။ သူဟာ ၀က်စ်ဟမ်းအသင်းမှာ ၁၉၉၆၊ ၉၇ ခုနှစ် ဘောလုံးရာသီမှာ ၅၄ ပွဲ ကစားပေးထားပါတယ်။ နည်းပြ ဘီလစ်ဟာ ခရိုအေးရှားအသင်းကိုလည်း ၆ နှစ်ကြာ နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ယူရို ၂၀၀၈ ခြေစစ်ပွဲမှာ အင်္ဂလန်အသင်းကို အနိုင်ရခဲ့လို့ အင်္ဂလန်အသင်း ခြေစစ်ပွဲ မအောင်ဘဲ ဖြစ်ခဲ့ရပါတယ်။ ခရိုအေးရှား နိုင်ငံသား ဘီလစ်ဟာ ရှုရှားကလပ် လိုကိုမိုတစ် မော်စကိုနဲ့ တူရကီကလပ် ဘီဆစ်တပ်အသင်းတို့မှာလည်း နည်းပြအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
6 years Ago
Up